Presstv; May-24 (Sun)
အီရန်သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) နှင့်
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် မေလ ၂၄ ရက် အစောပိုင်းတွင် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များအားလုံးကိုပြန်လည်ဖွင့်လှစ်ရန်
ဖုန်းဖြင့်ဆွေးနွေးမှု တစ်ခုကိုပြုလုပ်ခဲ့ကြောင်း
အီရန်နိုင်ငံပိုင် Fars News သတင်းဌာနက မေလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ
ပြန်လည်စတင်နိုင်ရေး ခွင့်ပြုနိုင်ရန်အတွက်
ကျန်းမာရေးဆိုင်ရာ လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိစဉ် နယ်စပ် များနှင့် လေကြောင်းလိုင်းများအား ချက်ချင်းပြန်လည်ဖွင့်လှစ်ရန်
နှစ်နိုင်ငံခေါင်းဆောင် များက တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်
(COVID-19) ကပ်ရောဂါပျံ့နှံ့မှု ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များကို ပိတ်ပစ်ခဲ့ရသည့်အတွက်
၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလတာကာလအတွင်း နှစ်နိုင်ငံအကြားကုန်သွယ်မှုမှာ
သိသိသာသာ ကျဆင်းမှု ဖြစ်ပေါ်ခဲ့ပါသည်။
အီရန်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ပထမသုံးလပတ်ကာလအတွင်း
ကုန်သွယ်မှုပမာဏတန်ဖိုးသည် မတ်လကုန်တွင် အမေရိကန်ဒေါ်လာ
၆၄၅ သန်းရရှိခဲ့ပြီး ၎င်းပမာဏသည် ယခင်ကာလတူ
နှစ်များနှင့်နှိုင်းယှဉ်ပါက ၇၀ ရာခိုင်နှုန်းကျဆင်းသွား ကြောင်း မေလအစောပိုင်းတွင်ထုတ်ပြန်သည့် အီရန်ကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာ
တစ်ခုတွင်ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား အပြန်အလှန် စီးပွားရေးလုပ်ဆောင်ချက် များ ပြန်လည်စတင်ခြင်းသည် COVID-19 ကပ်ရောဂါကြောင့်
ကမ္ဘာတစ်ဝန်း လက်ရှိ ဖြစ်ပေါ်နေသည့်
စီးပွားရေးအခြေအနေများ၏ လိုအပ်ချက်တစ်ခုကြောင့်ဖြစ်သည်ဟု အီရန်သမ္မတ ရိုဟာနီက တူရကီသမ္မတ အာဒိုဂန်အား ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံ
အကြား နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်သွားရန်နှင့် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်သွားရန်
တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူရကီနှင့် အီရန်နိုင်ငံတို့အကြားတွင် ကုန်သွယ်မှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့ရာမှ ၂၀၀၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံသို့ တိုးတက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ ၎င်းအပြင် အီရန်၏ ဓာတ်ငွေ့ များကို တူရကီသို့တင်ပို့မှုကိုလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး တူရကီ၏ တစ်နှစ်စာ ဓာတ်ငွေ့လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအား အီရန်မှဝယ်ယူလျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၁၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် တူရကီနှင့် အီရန်နိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်
ပိတ်ပင်ထားရှိသော ကုန်းလမ်း ဆိုင်ရာနယ်စပ်ဂိတ်များအား လာမည့်ရက်များအတွင်း ပြန်လည်ဖွင့်လှစ်ခြင်းအားဖြင့်
ကုန်သွယ်မှုပြန်လည်စတင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တူရကီနှင့် အီရန် နိုင်ငံတို့သည်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကြောင့် ၎င်းတို့၏ ကုန်းတွင်းနယ်နိမိတ် ဝင်ပေါက် ၃ ခုအား နှစ်လခန့်ပိတ်ထားခဲ့ရာမှ ယခုအခါ နှစ်နိုင်ငံအကြား
ကုန်စည်စီးဆင်းမှုများ မဖြစ်မနေပြန်လည်စတင်ရန်လိုအပ်လာမှုကြောင့်
နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
တူရကီနှင့် အီရန်နိုင်ငံတို့ကြားတွင် ကုန်သွယ်ရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်လုပ်ဆောင်ခြင်းအားဖြင့်
တူရကီနိုင်ငံသည် အရှေ့အာရှနှင့် ဗဟိုအာရှဒေသသို့ ကုန်ပစ္စည်းများတင်ပို့မှုကို အီရန်နိုင်ငံမှတစ်ဆင့် လွယ်ကူချောမွေ့စွာ ပို့ဆောင်သွားနိုင်မည်
ဖြစ်ပါသည်။ ထို့ပြင် အီရန်နိုင်ငံအနေဖြင့်လည်း အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု
များကြောင့် ကုန်ပစ္စည်းများတင်သွင်းရာတွင် အခက်အခဲများဖြစ်ပေါ်နေမှုကို တူရကီ နိုင်ငံ၏အကူအညီရယူ၍ ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။
လက်ရှိတွင်လည်း တူရကီနှင့် အီရန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြားကုန်သွယ်မှုအား
အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ တိုးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် တူရကီနှင့်အီရန်နိုင်ငံတို့သည် နိုင်ငံရေးနှင့်စစ်ရေးအရ
သဘောထားကွဲလွဲမှု များရှိသော်လည်း စီးပွားရေးကဏ္ဍတွင် နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိသည့်
ဘုံအကျိုး စီးပွားများ ဖြစ်ထွန်းလျက်ရှိသဖြင့် ယခုထက်ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများ
အပြန်အလှန် တည်ဆောက်သွားနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment