News.am;Jun-6(Sat)
အမေရိကန်နိုင်ငံအနေဖြင့်
ဂျာမနီမှ ၎င်းတို့၏တပ်ဖွဲ့ဝင်အချို့အား ရုပ်သိမ်းရန် ပြင်ဆင်ခဲ့ပြီးနောက်
အမေရိကန်တပ်ဖွဲ့ဝင်များအား ပိုလန်နိုင်ငံတွင် ရွှေ့ပြောင်းဖြန့်ကြက် သွားရန်
မျှော်လင့်လျက်ရှိကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်ဇ်မိုရာဝီစကီ (Mateusz Morawiecki) က
ဇွန်လ ၆ ရက်တွင် RMF24 ရေဒီယိုသို့ ပြောကြားခဲ့ပါသည်။
ထို့ပြင် မိုရာဝီစကီက အမေရိကန်တပ်ဖွဲ့ဝင်များ
ရွှေ့ပြောင်းဖြန့်ကြက်မည့်ကိစ္စရပ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးမှုအများအပြားပြုလုပ်ခဲ့ကြောင်း၊ လက်ရှိ အချိန်သည်
အမေရိကန်ဘက်က ဆုံးဖြတ်ရမည့်အခြေအနေဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။
ဂျာမနီနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် ၃၄,၅၀၀
ဦးအနက်မှ ၉,၅၀၀
ဦး အား လာမည့်စက်တင်ဘာလတွင်
ရုပ်သိမ်းမည့်အမိန့်ကို အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်
ရောဘတ်အိုဘရိုင်ယန် (Robert O’Brien) က လက်မှတ်ရေးထိုးခဲ့
ကြောင်း Wall Street ဂျာနယ်က ဖော်ပြခဲ့ပါသည်။
အမေရိကန်သမ္မတသည်
ကာကွယ်ရေးအသုံးစရိတ် အလွန်နည်းပါးစွာသုံးစွဲမှု အတွက် ဂျာမနီနိုင်ငံအား
မကြာခဏပြစ်တင်ဝေဖန်ခဲ့ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံများကို လည်း ၂၀၂၄ ခုနှစ်တွင်
ကာကွယ်ရေးအသုံးစရိတ်အား အနည်းဆုံး ဂျီဒီပီ၏ ၂ ရာခိုင်နှုန်း သုံးစွဲရန် တောင်းဆိုခဲ့ပါသည်။
လက်ရှိအချိန်တွင် ပိုလန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၄,၅၀၀
ဦးဖြန့်ကြက်ထားပြီး အမေရိကန်အနေဖြင့် ရုရှားနယ်စပ်ရှိ ပိုလန်နိုင်ငံတွင်
ဒုံးကျည်များဖြန့်ကြက်ခြင်းဖြင့် ၎င်းတို့၏ စစ်ရေးအင်အားကိုချဲ့ထွင်ရန် ဆောင်ရွက် လျက်ရှိပါသည်။
ပိုလန်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံမှတပ်ဖွဲ့ဝင် ၆,၀၀၀
ဦးခန့် ပါဝင်သော Defender Europe 2020
အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအား ပိုလန် အနောက်မြောက်ပိုင်းတွင် ဇွန်လ ၄ ရက်မှစတင်၍
သီတင်းပတ် ၂ ပတ်ကြာ ပြုလုပ် လျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံက
ခရိုင်းမီးယားဒေသအား ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ချိန်နောက်ပိုင်းမှစ၍ ဥရောပနိုင်ငံများတွင်
၎င်းတို့၏စစ်ရေးအင်အားများကို တိုးမြှင့်ဖြန့်ကြက်မှုများ ပြုလုပ်လာခဲ့ပါသည်။
အမေရိကန်စစ်အခြေစိုက်စခန်းများသည် ဒုတိယကမ္ဘာစစ်အပြီးကာလများကပင်
ဂျာမနီနိုင်ငံအတွင်းတည်ရှိခဲ့ပြီး ဂျာမနီသည် ဥရောပဒေသတွင်း အမေရိကန်တပ်ဖွဲ့ဝင်
အများဆုံးဖြန့်ကြက်ထားသည့်နိုင်ငံဖြစ်ကာ လက်ရှိအချိန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၃၄,၅၀၀ ခန့်အား ဖြန့်ကြက်ထားပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်
နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး အသုံးစရိတ်အား ဂျီဒီပီ၏ ၂
ရာခိုင်နှုန်းသို့တိုးမြှင့်ရန် တိုက်တွန်းခဲ့ပြီး ဂျာမနီနိုင်ငံကိုလည်း နေတိုးအဖွဲ့၏ သတ်မှတ်ကာကွယ်ရေးအသုံးစရိတ်အားပြည့်မီစေရေး ဆောင်ရွက်ရန်
အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ သတိပေးခဲ့ပါသည်။ သို့သော်လည်း ဂျာမနီအနေဖြင့် ၂၀၁၉
ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အား ဂျီဒီပီ၏ ၁.၃၆ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင်
၁.၄၂ ရာခိုင်နှုန်းသုံးစွဲခဲ့ပြီး
၂၀၂၄ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းအထိသာ သုံးစွဲသွားနိုင်မည်ဖြစ်ကာ ၂၀၃၁ ခုနှစ်မှသာ
၂ ရာခိုင်နှုန်းပြည့်မည်ဖြစ်သောကြောင့် အမေရိကန်အနေဖြင့် ဂျာမနီရှိ
၎င်းတို့၏တပ်ဖွဲ့ဝင်များအနက်မှ ၉,၅၀၀ ဦးအားရုပ်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ကို
တွေ့ရှိရပါသည်။ ဂျာမနီနိုင်ငံအတွင်း ၂၀၁၈ ခုနှစ်တွင် လူထုစစ်တမ်း ကောက်ယူရာ၌ ပြည်သူ ၄၂ ရာခိုင်နှုန်းက
အမေရိကန်တပ်ဖွဲ့ဝင်များ နိုင်ငံအတွင်းမှ ထွက်ခွာရန်ထောက်ခံပြီး ၃၇ ရာခိုင်နှုန်းက ဆက်လက်ထားရှိရန်နှင့်
၂၁ ရာခိုင်နှုန်းက ကြားနေဆန္ဒမဲများပေးခဲ့ကြပါသည်။ အဆိုပါရုပ်သိမ်းမည့် အမေရိကန်တပ်ဖွဲ့ဝင်များအား
ပိုလန်နိုင်ငံတွင်ဖြန့်ကြက်သွားရန် ဆန္ဒရှိကြောင်းနှင့်
ယင်းကိစ္စရပ်နှင့်ပတ်သက်၍ အမေရိကန် ဘက်ကသာ ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ်
မာတက်ဝုရှ်မိုရာ ဝစ်စကီ (Mateusz Morawiecki)
က ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်ကို
တွေ့ရှိရ ပါသည်။ ပိုလန်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံမှတပ်ဖွဲ့ဝင် ၆,၀၀၀ ဦးခန့် ပါဝင်သော Defender Europe 2020 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအား
ပိုလန်အနောက်မြောက်ပိုင်း တွင် ဇွန်လ ၄ ရက်မှစတင်၍ သီတင်းပတ် ၂ ပတ်ကြာ
ပြုလုပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်အနေဖြင့် အနာဂတ်ကာလတွင် ပိုလန်နိုင်ငံ၌
စစ်ရေးလှုပ်ရှားမှု များ တိုးမြှင့်ပြုလုပ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment