Tuesday, June 23, 2020

ပိုလန်နှင့် မဟာမိတ်နိုင်ငံများသည် ဆူဝယ်လ်ကီနယ်မြေအနီးတွင် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခဲ့ခြင်း


Polandin; Jun-22 (Mon)
              ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီဆက်ဘလက်ဇက် (Mariysz Blaszczak) သည် ပေါ့လက်စီ (Podlasie) စီရင်ရှိ မဟာဗျူဟာမြောက်အရေးပါသည့် Suwalki Gap ဟု အမည်ပေးထားသည့် နယ်စပ်စင်္ကြံအနီးပြုလုပ်ခဲ့သည့် Bull-Run 12 အမည်ရှိ စစ်ရေး လေ့ကျင့်ခန်းသို့ တက်ရောက်ခဲ့ပါသည်။ Suwalki Gap ဟုအမည်ပေးထားသည့် နယ်စပ်မျဉ်းသည် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက်ဒေသ၊ ဘီလာရုဇ်နိုင်ငံ၊ ပိုလန်နှင့် လစ်သူရေးနီးယားနှစ်နိုင်ငံအကြားရှိ ကုန်းမြေအကျယ်အဝန်း ၆၅ ကီလိုမီတာခန့် ကျယ်ဝန်းသည့် လမ်းကြောင်းတစ်ခုဖြစ်ပါသည်။ အဆိုပါ Bull-Run 12 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းသည် ပိုလန်နိုင်ငံ၏လုံခြုံရေးတစ်ခုတည်းသာမက နေတိုးအရှေ့ပိုင်း စစ်နယ်ဝန်းတစ်ခုလုံး၏ လုံခြုံရေးအတွက်လည်း အလွန်အရေးကြီးပြီး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားစစ်ကစားနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း မာရီဆက်ဘလက်ဇက်က တပ်ဖွဲ့ဝင်များအား ပြောကြားခဲ့ပါသည်။
              ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် အဆိုပါ Suwalki Gap လမ်းကြောင်းမှတစ်ဆင့် ဘောလ်တစ်နိုင်ငံများအားဖြတ်၍ ပိုလန်နိုင်ငံနှင့်အခြားသော နေတိုးအဖွဲ့ဝင်နိုင်ငံများသို့ ရောက်ရှိနိုင်သည့် လမ်းကြောင်းတစ်ခုလည်းဖြစ်ပါသည်။ အဆိုပါ Bull-Run 12 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းတွင် ပိုလန်နိုင်ငံနှင့်အတူ အမေရိကန်၊ ဗြိတိန်၊ ရိုမေးနီးယားနှင့် ခရိုအေးရှားနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များသည် မြစ်ကူးစစ်ဆင်ရေး လေ့ကျင့်ခန်းများအပါအဝင် လှုပ်ရှားစစ်ကစားနိုင်သည့် လေ့ကျင့်ခန်းများကိုလည်း လေ့ကျင့်ခဲ့ပါသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းသည် ပိုလန်စစ်သည်များ၏ စွမ်းဆောင်ရည်အား တိုးမြှင့်ပေးပြီး ပိုလန် နိုင်ငံ၏လုံခြုံရေးအတွက်သာမက စစ်အင်အားတိုးမြှင့်မှုကိုလည်း မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်ကြောင်း မာရီဆက်ဘလက်ဇက်က  ပြောကြားခဲ့ပါသည်။ အဆိုပါ Bull-Run 12 စစ်ရေးလေ့ကျင့်ခန်းသည် နေတိုးမဟာမိတ်များ၏ အရှေ့ဘက်စစ်များအား ရုရှားနိုင်ငံ၏ တိုက်ခိုက်မှုမှခုခံကာကွယ်ရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်ခန်းတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
              ဆူဝယ်လ်ကီလမ်းကြောင်းသည် ကာလီနင်ဂရက်ဒေသနှင့် ဘီလာရုဇ်နိုင်ငံ အကြားရှိ ကုန်းမြေအကျယ်အဝန်း ၆၅ ကီလိုမီတာသာ ကျယ်ဝန်းသော ဘောလ်တစ် နိုင်ငံများမှတစ်ဆင့် ပိုလန်နိုင်ငံနှင့် အခြားသောနေတိုးအဖွဲ့ဝင်နိုင်ငံများသို့ ရောက်ရှိ နိုင်သည့် လမ်းကြောင်းဖြစ်ပါသည်။ ပိုလန်၊ အမေရိကန်၊ ဗြိတိန်၊ ရိုမေးနီးယားနှင့် ခရိုအေးရှားနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များသည် Bull-Run 12 စစ်ရေးလေ့ကျင့်ခန်းတွင်  ပါဝင်ခဲ့ကြပါသည်။ ဘောလ်တစ်ဒေသနိုင်ငံများဖြစ်သော လတ်ဗီးယား၊ လစ်သူရေးနီးယား နှင့် အက်စတိုးနီးယားနိုင်ငံတို့သည် နေတိုးအဖွဲ့ဝင်များဖြစ်လာခဲ့ပြီးနောက် ရုရှားနိုင်ငံ သည် ကာလီနင်ဂရက်ဒေသတွင် ရုရှား၏ ဘောလ်တစ်ရေယာဉ်စုနှင့် အမှတ်(၁၁) တပ်မကြီးတို့အခြေစိုက်ကာ  Iskander တာတိုပစ်ဒုံးကျည်များအား ဖြန့်ကြက်ခဲ့သဖြင့် အနောက်ဥရောပဒေသသို့ ခြိမ်းခြောက်မှုများ မြင့်တက်လာစေခဲ့ရုံသာမက ဆူဝယ်လ်ကီ စပ်ကြားနယ်မြေ (Suwalki Gap) အနီးတွင်လည်း ရုရှားတပ်ဖွဲ့ဝင်များ တိုးမြှင့်တပ်ဖြန့် လာခဲ့ပါသည်။ အဆိုပါလမ်းကြောင်းသည် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများနှင့် ဘောလ်တစ် သုံးနိုင်ငံအကြား ဆက်သွယ်ထားရှိသည့် တစ်ခုတည်းသောကုန်းလမ်းကြောင်းဖြစ်ပါ သည်။ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင်ပြုလုပ်ခဲ့သည့် ရုရှား၏ Zapad စစ်ရေး လေ့ကျင့်ခန်းများအတွင်း ရုရှားတပ်ဖွဲ့ဝင်များသည် ဆူဝယ်လ်ကီစပ်ကြားနယ်မြေသို့ ချီတက်ထိန်းချုပ်ခြင်းနှင့် ဘောလ်တစ်နိုင်ငံများအား ဥရောပနိုင်ငံများနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်းဆိုင်ရာ သဏ္ဌာန်တူလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းစစ်ရေး လှုပ်ရှားမှုကို တန်ပြန်သည့်အနေနှင့် Bull-Run 12 စစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင် ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလေ့ကျင့်ခန်းသည် ပိုလန်နိုင်ငံ၏လုံခြုံရေးတစ်ခုတည်း သာမက နေတိုးအရှေ့ပိုင်းစစ်နယ်ဝန်းတစ်ခုလုံး၏ လုံခြုံရေးအတွက်လည်း အလွန် အရေးကြီးပြီး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားစစ်ကစားနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးနိုင်စွမ်း ရှိပါသည်။ ဤစစ်ရေးလေ့ကျင့်ခန်းသည် နေတိုးအဖွဲ့ဝင် ဘောလ်တစ်နိုင်ငံများ၏ စစ်ရေးအသင့်ပြင်ဆင်ထားရှိမှုကို ရုရှားအား သိရှိစေရန်ဖော်ပြသည့် အချက်ပြမှုတစ်ရပ်သာ ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment