Tuesday, June 30, 2020

အီရန်၊ ရုရှားနှင့် တူရကီတို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ရုပ်/သံအစီအစဉ်မှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း


Presstv; Jun 30 (Tue)
              အီရန်သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ၊  တူရကီသမ္မတ ရီဆက်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan)တို့နှင့်  ဆီးရီးယား၊ အာရပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများ နှင့်ပတ်သက်၍  ဇူလိုင်လ ၁ ရက်တွင် ရုပ်/သံအစီအစဉ်မှတစ်ဆင့် အထူးအစည်းအဝေး တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတရုံး၏  ဆက်သွယ်ရေး၊ သတင်း အချက်အလက်နည်းပညာဌာနမှ လက်ထောက်အကြီးအကဲ အလီရီဇာမိုဇီ (Alireza Moezi)က ၎င်း၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အစည်းအဝေး အတွင်း ခေါင်းဆောင်များသည် ဆီးရီးယားအရေးနှင့် ဆက်နွှယ်လျက်ရှိသည့် ဒေသတွင်း၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
              သမ္မတ ၃ ဦးတို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ သီးခြားတွေ့ဆုံမှု မပြုလုပ်ခင်အချိန်အတွင်း ရုပ်သံအစီအစဉ်မှတစ်ဆင့် ကြေညာချက် ၃ ရပ်ကို တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ် (Dmitry Peskov)က ပြောကြားခဲ့ပါသည်။ ယခုကျင်းပမည့်ဆွေးနွေးမှုသည် ဆီးရီးယားနိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပေါ်လာသည့်အတွက်ကြောင့် ၂၀၂၀ ပြည့်နှစ် အတွင်း ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ် (Mohammad Javad Zarif) သည် အက်စတာနာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မူဘောင်အတိုင်း ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းမှုရှိရန်အတွက် သမ္မတအဆင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဟု ဇွန်လ ၁၅ ရက်တွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
              ၂၀၁၁ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ်တွင်  အီရန်နှင့် ရုရှား တို့က ဆီးရီးယားသမ္မတ အာဆတ်ကို အခိုင်အမာထောက်ခံပေးထားပြီး တူရကီကမူ သမ္မတ အာဆတ်နုတ်ထွက်ရေးကိုတောင်းဆိုကာ ဆီးရီးယားအစိုးရကို ဆန့်ကျင်နေသော တိုက်ခိုက်ရေးအဖွဲ့များအား ကျောထောက်နောက်ခံပြုထားပါသည်။ စစ်ရေးအောင်မြင်မှု များကြောင့် အာဆတ်၏ သမ္မတရာထူးမှာ ပို၍လုံခြုံစိတ်ချရသည့် အနေအထားတွင် တူရကီ၏ ဦးစားပေးကိစ္စရပ်သည် ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ဒေသမှ ထွက်ပြေးလာသောဒုက္ခသည်များ တူရကီထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာမည့် အရေးကို တာဆီးခြင်းဘက်သို့ လမ်းလွှဲလိုက်ခြင်းဖြစ်ပါသည်။ အီရန်၊ ရုရှားနှင့် တူရကီ တို့သည် ၂၀၁၇ ခုနှစ်ကတည်းက ဆီးရီးယားပဋိပက္ခနှင့်ပတ်သက်၍ ထိပ်သီးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင်လည်း ရုရှား၊ အီရန်နှင့် တူရကီသမ္မတ တို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်သည့် ပူးပေါင်းညှိနှိုင်းမှုများအား ဆက်လက် လုပ်ဆောင်သွားရန်အတွက် ဇူလိုင်လ ၁ ရက်တွင် ရုပ်/သံအစီအစဉ်မှတစ်ဆင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့အကြား ဆွေးနွေးမှုများသည် ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့ တို့အကြား ဖြစ်ပွားလျက်ရှိသော သဘောထားကွဲလွဲမှုများအပေါ် တစ်ဆင့်ချင်းဖြေရှင်း သွားနိုင်မည်ဖြစ်သည့်အပြင် သံတမန်ရေးနှင့် စစ်ရေးညှိနှိုင်းမှုများသည်  ရေရှည်တည်တံ့ စေမည့် အပစ်အခတ်ရပ်စဲရေးကိုဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment