Sunday, June 7, 2020

              ရုရှားနှင့်တူရကီနိုင်ငံတို့သည် ရုရှားနိုင်ငံထုတ် S-400  လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ဒုတိယအသုတ်ပေးပို့ရေးနှင့်စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ်အား ရရှိခဲ့ကြောင်း တူရကီနိုင်ငံက ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ရုရှားနှင့် တူရကီနိုင်ငံတို့အနေဖြင့် တူရကီနိုင်ငံတွင် ဒုံးကျည်စနစ်နှင့် ဆက်စပ်သည့်အစိတ်အပိုင်းများ ပူးတွဲထုတ်လုပ်ရေးအတွက် လမ်းပြမြေပုံတစ်ခုနှင့် နည်းပညာလွှဲပြောင်းပေးရေးဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ စိစစ်သွားရန်လိုအပ်ကြောင်း တူရကီ နိုင်ငံက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည်  ရုရှားနိုင်ငံမှဝယ်ယူထားသော S-400 ဒုံးကျည်စနစ် ပထမအသုတ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင်ဖြန့်ကြက်သွားရန် စီစဉ် ထားရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားလျက်ရှိမှုကြောင့် ဆိုင်းငံ့ထား ရကြောင်း သိရှိရပါသည်။

     တူရကီရှေ့နေများသည်  ၂၀၁၆ ခုနှစ်တွင် တူရကီနိုင်ငံ၌ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုအား ကြိုးကိုင်သည်ဟုယူဆရသည့်အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိမှုနှင့် ပတ်သက်၍ ရာထူးမှဖယ်ရှားခဲ့သောရဲအရာရှိ ၇၄ ဉီးအား ဇွန်လ ၈ ရက်၌ ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ပါသည်။ တူရကီရဲတပ်ဖွဲ့သည် အဆိုပါသံသယရှိသူများအား ဖမ်းဆီးရန် အတွက် နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၃ ခုတွင် စီးနင်းရှာဖွေမှုများ စတင်ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဖမ်းဆီးမိန့်ထုတ်ပြန်ခြင်းခံရသည့် အဆိုပါရဲအရာရှိဟောင်းများသည် အမေရိကန် နိုင်ငံတွင် နေထိုင်လျက်ရှိသည့် တူရကီဘာသာရေးခေါင်းဆောင် ဖာသူလတ်ဂူလန် (Fethullah Gulen) ဉီးဆောင်သည့်အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိသူများဖြစ်ကြောင်း သိရှိ ရပါသည်။


No comments:

Post a Comment