Monday, July 20, 2020

ဂရိနိုင်ငံ၏ အပါချီရဟတ်ယာဉ် ၁၉ စီးအား အစ္စရေးက အဆင့်မြှင့်တင် ပေးသွားမည်ဆိုခြင်း

Defenseworld;Jul-20(Mon)
              အစ္စရေးနိုင်ငံသည် ဂရိနိုင်ငံ၏ အပါချီ AH-64 ရဟတ်ယာဉ် ၁၉ စီးအား အဆင့်မြှင့်တင်ပေးရန်အတွက် သဘောတူခဲ့ကြောင်းနှင့် အဆိုပါအဆင့်မြှင့်တင်မှုမှာ အမေရိကန်ဒေါ်လာ ၃၄ သန်းတန်ဖိုးရှိကြောင်း Defenseworld သတင်းဌာနက ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆင့်မြှင့်တင်မည့် အပါချီ AH-64 ရဟတ်ယာဉ် အား Elbit Systems ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး  ပစ်မှတ်ရှာဖွေရေး အာရုံခံခေတ်မီစနစ်သစ်များ၊ ညကြည့်အာရုံခံစနစ်များအပြင် ဘက်စုံသုံးလေယာဉ်မှူးဆောင်း ဦးထုပ်များအား ထည့်သွင်းတပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ဆက်လက် ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံ၏ အထက်ပါ အပါချီ AH-64 ရဟတ်ယာဉ်အား အဆင့်မြှင့်တင်ပေးမှုသည် အစ္စရေး-ဂရိ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုကို ဖော်ပြလျက် ရှိပါသည်။
              ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ် (Kyriakos Mitsotakis) ကလည်း ဇွန်လအလယ်ပိုင်း၌ အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့စဉ်အတွင်း လေယာဉ်မှူး များအတွက် လေ့ကျင့်ရေးစင်တာတစ်ခုတည်ထောင်ရန် Elbit Systems ကုမ္ပဏီနှင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဝန်ကြီးချုပ် တားကစ်သည် ဂရိ ONEX Neorion သင်္ဘောကျင်းနှင့် Israel သင်္ဘောကျင်းတို့ဖြင့်ပူးပေါင်း၍ နှစ်နိုင်ငံအကြား Themistocle အမျိုးအစား ကော်ဗတ်စစ်သင်္ဘောများတည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ သဘော တူညီခဲ့ပါသည်။ ထို့ပြင် အစ္စရေးနိုင်ငံသည် အရှေ့မြေထဲပင်လယ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍လည်း ဂရိ၊ ဆိုက်ပရပ်စ်နိုင်ငံတို့နှင့်အတူ ၃ နိုင်ငံသဘောတူ စာချုပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ အထက်ပါပိုက်လိုင်းစီမံကိန်းသည် ဓာတ်ငွေ့ များအား မြေထဲပင်လယ်မှတစ်ဆင့် ဥရောပတောင်ပိုင်းသို့တင်ပို့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
              အစ္စရေးနိုင်ငံနှင့် ဂရိနိုင်ငံအကြား ဆက်ဆံရေးသည် ၂၀ ရာစုနှောင်းပိုင်းမှစ၍ ဆက်ဆံရေးတင်းမာမှုများရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းမှစ၍ အရှေ့မြေထဲ ပင်လယ်ဒေသအတွင်း မိတ်ဖက်နိုင်ငံများအဖြစ် ယနေ့အချိန်ထိ ဆက်ဆံမှုရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှစ၍ အစ္စရေးနိုင်ငံနှင့် ဆိုက်ပရပ်စ်တို့သည် ၎င်းတို့နှစ်နိုင်ငံအကြား မြေထဲ ပင်လယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့အားထုတ်ယူ၍ ဂရိနိုင်ငံမှတစ်ဆင့် ဥရောပသို့ တင်ပို့လျက်ရှိပါသည်။ အစ္စရေးနိုင်ငံသည် အရှေ့မြေထဲပင်လယ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍လည်း ဂရိ၊ ဆိုက်ပရပ်စ်နိုင်ငံတို့နှင့်အတူ  ၃ နိုင်ငံ သဘောတူ စာချုပ်အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
              အစ္စရေးနိုင်ငံက ဂရိနိုင်ငံအတွက် သင်္ဘောတည်ဆောက်မှုလုပ်ငန်း၌လည်းကောင်း၊ ရဟတ်ယာဉ်လေ့ကျင့်ရေးစင်တာတည်ဆောက်မှုလုပ်ငန်း၌လည်းကောင်း ပံ့ပိုးကူညီမှု များရှိခဲ့ပါသည်။ အလားတူ နှစ်နိုင်ငံအကြား စစ်ရေးလေ့ကျင့်မှုများမှာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ဂရိနိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတို့တွင် အစ္စရေးနိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း လေတပ်ဆိုင်ရာ ပူးတွဲလေ့ကျင့်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် ရေတပ်ဆိုင်ရာလေ့ကျင့်မှုနှင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို အတူတကွဆောင်ရွက်ခဲ့ကြပါသည်။ အဆင့်မြှင့်တင်မည့် အပါချီ AH-64 ရဟတ်ယာဉ်အား အယ်လ်ဘစ်စစ်စတန် (Elbit Systems) ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ပစ်မှတ်ရှာဖွေရေးအာရုံခံခေတ်မီ စနစ်သစ်များ၊ ညကြည့်အာရုံခံစနစ်များအပြင် ဘက်စုံသုံးလေယာဉ်မှူးဆောင်း ဦးထုပ် များအား ထည့်သွင်းတပ်ဆင်သွားမည်ဖြစ်ပါသည်။ အစ္စရေးနှင့် ဂရိနိုင်ငံအကြား အနာဂတ် ကာလဆက်ဆံရေးသည် စစ်ရေးကဏ္ဍအပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ပစ်မှတ်ရှာဖွေရေး အာရုံခံခေတ်မီစနစ်သစ်
မှတ်ချက်။    အပါချီ၏မျက်လုံးဟု တင်စားခေါ်ဝေါ်ကြပြီး အာရုံခံကိရိယာ၊ လေဆာ ရောင်ခြည်ရှာဖွေရေးစက်၊ ပစ်မှတ်သတ်မှတ်ပေးခြင်းအပြင် +/- ၁၂၀ ဒီဂရီ လှည့်နိုင်ပါသည်။
ဘက်စုံသုံးလေယာဉ်မှူးဆောင်းဦးထုပ်
မှတ်ချက်။    လေယာဉ်မှူး၏မျက်လုံးကို သတင်းအချက်အလက်ပေးပို့သည့် စက်ကိရိယာ တစ်မျိုးဖြစ်ပါသည်။ လေယာဉ်မှူး၏ မြင်ကွင်းပုံရိပ်ကို ပိုမိုကောင်းမွန် စေပြီး လက်နက်များ၏ဦးတည်ရာလမ်းကြောင်းများကို ညွှန်ပြပေးပါသည်။
မှတ်ချက်။    ပန်ကာဒလက် ၄ ခု၊ အင်ဂျင် ၂ လုံးရှိကာ ရာသီမရွေး၊ နေ့ညမရွေး တိုက်ခိုက်နိုင်ပြီး ရဟတ်ယာဉ်ရှေ့ပိုင်းတွင် ၃၀ မီလီမီတာ M-320 စက်သေနတ်၊ ဘေးနှစ်ဖက်တွင် AGM-114 Hellfire လေဆာဒုံးကျည်နှင့် Hydra 70 (၂.၇၅ လက်မ) ဒုံးကျည်တပ်ဆင်ထားပါသည်။ ရဟတ်ယာဉ် ၁ စီးတွင် AGM-114 Hellfire လေဆာဒုံးကျည် ၁၆ စင်းပါဝင်ပြီး အကွာအဝေး ကီလိုမီတာ ၈,၀၀၀ ရှိ တင့်၊ သံချပ်ကာနှင့် ခက်ခဲသောပစ်မှတ်များကို ပစ်ခတ်နိုင်ပါသည်။ အမေရိကန်နိုင်ငံထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး ၁ နာရီလျှင် ၁၄၅ မိုင်နှုန်းဖြင့် ၃ နာရီခန့် မောင်းနှင် နိုင်ပါသည်။ အမေရိကန်နိုင်ငံသည် ၁၉၈၃ ခုနှစ်မှစ၍ အဆိုပါရဟတ်ယာဉ် အမျိုးအစားအားထုတ်လုပ်ခဲ့ပြီး အဆင့်မြှင့်တင်မှုများလည်း ပြုလုပ်လျက် ရှိပါသည်။ အမေရိကန်စစ်ဘက်တပ်ဖွဲ့တွင် လက်ရှိအချိန်အထိ အပါချီ ရဟတ်ယာဉ်များအား အသုံးပြုလျက်ရှိပြီး အီဂျစ်၊ အစ္စရေး၊ ဂရိ၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီးနိုင်ငံတို့အပြင် နိုင်ငံတကာစစ်လက်နက်ပစ္စည်းဝယ်ယူ သည့်ဖောက်သည် ၁၁၆ ဦးထံသို့လည်း ရောင်းချထားပြီးဖြစ်ပါသည်။

No comments:

Post a Comment