Monday, July 20, 2020

ပိုလန်နိုင်ငံအထွေထွေရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အနိုင်ရရှိနိုင်ဖွယ်ရှိခြင်း


TASS; Jul-12 (Sun)
              ပိုလန်နိုင်ငံတွင် ဇူလိုင်လ ၁၂ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ၌ အာဏာရ ဉပဒေနှင့်တရားမျှတရေးပါတီ (Law and Justice –PiS) ၏ သမ္မတကိုယ်စားလှယ်လောင်းဖြစ်သူ အန်ဒရေးဒူဒါ (Andrzej Duda) သည် ထောက်ခံမဲ ၅၀.၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း စစ်တမ်းတစ်ရပ်အရ သိရှိရပါသည်။ လက်ရှိ သမ္မတ အန်ဒရေးဒူဒါ၏ ပြိုင်ဘက်ဖြစ်သူ Civic Platform ပါတီမှ လက်ရှိဝါဆော မြို့တော်ဝန် ရာဖယ်လ်ဇာကောစကီး  (Rafal Trzaskowski) သည် ထောက်ခံမဲ ၄၉.၆ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားပါသည်။ ထို့ပြင် ပိုလန်နိုင်ငံတွင် ပြုလုပ်သည့် ပထမအကျော့သမ္မတရွေးကောက်ပွဲတွင်မူ မဲလာရောက်ပေးသူ ၆၄.၅ ရာခိုင်နှုန်းခန့်သာ လာရောက်မဲပေးခဲ့ကြသော်လည်း ဒုတိယအကျော့သမ္မတ ရွေးကောက်ပွဲ တွင် ၆၈.၉ ရာခိုင်နှုန်းအထိ လာရောက်မဲပေးခဲ့ကြပါသည်။
              ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကျော့ ရွေးကောက်ပွဲ တွင် လက်ရှိသမ္မတအန်ဒရေးဒူဒါသည် ထောက်ခံမဲ ၄၃.၅ ရာခိုင်နှုန်းနှင့် ၎င်း၏ပြိုင်ဘက် ရာဖယ်လ်ဇာကောစကီးသည် ထောက်ခံမဲ ၃၀.၅ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပါသည်။ အဆိုပါမဲရလဒ်စာရင်းများအား လာမည့် ၄၈ နာရီအတွင်း တရားဝင်ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပါသည်။ လက်ရှိတွင် ပိုလန်နိုင်ငံ၌ သမ္မတရွေးကောက်ပွဲအား ၅ နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ပြီး သမ္မတ ၁ ဦးလျှင် ၅ နှစ်သက်တမ်း ၂ ကြိမ်ထက်ပို၍ တာဝန်ထမ်းဆောင်ခြင်းမရှိစေရန် ဥပဒေပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ဖွယ်ရှိသည့် အန်ဒရေးဒူဒါသည် ၂၀၁၅ ခုနှစ်မှစတင်ကာ သမ္မတတာဝန်အား ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
              ပိုလန်နိုင်ငံတွင် သမ္မတလောင်းများအား ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်သည့်စနစ်ကို ကျင့်သုံးကြပါသည်။ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် ပိုလန်နိုင်ငံ၏ ၆ ဉီးမြောက် သမ္မတဖြစ်လာခဲ့သော အန်ဒရေးဒူဒါ၏ သမ္မတသက်တမ်းသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်တွင် ကျင်းပခဲ့သော ပထမအကျော့ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတအန်ဒရေးဒူဒါသည် ထောက်ခံဆန္ဒမဲ ၄၃.၅ ရာခိုင်နှုန်း နှင့် ၎င်း၏ပြိုင်ဘက် ရာဖယ်လ်ဇာကောစကီးသည် ထောက်ခံဆန္ဒမဲ ၃၀.၅ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ဇူလိုင်လ ၁၂ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ၌ အန်ဒရေးဒူဒါ (Andrzej Duda) သည် ထောက်ခံမဲ ၅၀.၄ ရာခိုင်နှုန်းဖြင့်အနိုင်ရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက်ဖြစ်သူ လက်ရှိ ဝါဆော မြို့တော်ဝန် ရာဖယ်လ်ဇာကောစကီး (Rafal Trzaskowski) သည် ထောက်ခံမဲ  ၄၉.၆ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ လက်ရှိသမ္မတ အန်ဒရေးဒူဒါအနေဖြင့် သမ္မတတာဝန် ထမ်းဆောင်သည့်ကာလတွင် နိုင်ငံအတွင်းရှိ လူမှုဖူလုံရေးလုပ်ငန်းများနှင့် နယ်စပ် ဒေသများရှိ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အာရုံစိုက်လုပ်ဆောင်သူတစ်ဦး ဖြစ်ပါသည်။ အန်ဒရေးဒူဒါသည် ရွေးကောက်ပွဲမကျင်းပမီက အမေရိကန်သမ္မတ ထရမ့်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ပိုလန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ တပ်ဖြန့်နိုင်ရေး ဆွေးနွေးခဲ့ပြီးနောက် လူထုထောက်ခံမှု ပိုမိုရရှိလာခဲ့ပါသည်။ ထို့ကြောင့် ပိုလန် သမ္မတသည် ပြည်တွင်းထောက်ခံမှုနှင့် အ‌မေရိကန်၏ ကျောထောက်နောက်ခံပြုမှု များဖြင့် လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး၊ လူမှုရေးကျဆင်းမှုများကို ပြန်လည်ထူထောင်သွားနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment