voanews; Nov- 2(Mon)
ဩစတြီးယားနိုင်ငံ၏ မြို့တော် ဗီယင်နာ (Vienna) ရှိနေရာ ၆ ခုတွင်
အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်
အကြမ်းဖက်သမား ၁ ဦး အပါအဝင်
လူ ၄ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေနတ် သမားအချို့မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း
ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ် (Sebastian Kurz) က ပြောကြားခဲ့ပါသည်။ ဩစတြီးယား ရဲတပ်ဖွဲ့ကလည်း ဗီယင်နာဒေသခံများအား အများပြည်သူသွားလာသည့်နေရာများကို
သွားရောက်ခြင်းမပြုရန် နိုဝင်ဘာလ ၂ ရက်တွင် ပြောကြားထားပါသည်။ ဩစတြီးယား အစိုးရအနေဖြင့်
နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့သူအရေအတွက် မြင့်တက်လာသည့်အတွက်ကြောင့်
နိုဝင်ဘာလ ၃ ရက်မှစတင်၍ ဒုတိယအကြိမ် အသွားအလာကန့်သတ်မှုပြုလုပ်သွားရန် စီစဉ်လျက်ရှိစဉ်
အဆိုပါတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။
အကြမ်းဖက်သမားများအနေဖြင့် တိုက်ခိုက်မှုများပြုလုပ်ရန်အတွက်
ကျွမ်းကျင် ပိုင်နိုင်စွာပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး
အလွန်ကောင်းမွန်သည့် အော်တိုမက်တစ် စက်သေနတ်များကို အသုံးပြုခဲ့ကြောင်း ကာ့ဇ်က
ပြောကြားခဲ့ပါသည်။ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာ ၆ ခုစလုံးသည် မြို့တော်ဗီယင်နာ၏အဓိကကျသည့် ရဟူဒီဘုရားရှိခိုးကျောင်းတည်ရှိသည့်
လမ်းမကြီးအနီးတွင်တည်ရှိကြောင်း ဩစတြီးယား ပြည်ထဲရေးဝန်ကြီး ကားလ်နီဟမ်မာ
(Karl Nehammer) က ပြောကြားခဲ့ပါသည်။ သို့သော်လည်း ဂျူးလူမျိုးအသိုင်းအဝိုင်း၏
ခေါင်းဆောင်ဖြစ်သူ အော်စကာဒူဆက် (Oskar
Deutsch) ကမူ အကြမ်းဖက်သမားများအနေဖြင့် ရဟူဒီဘုရားရှိခိုးကျောင်း၊ ၎င်းနှင့်ကပ်လျက်တည်ရှိသည့်ရုံးများကို
ပစ်မှတ်ထား၍တိုက်ခိုက်ခြင်း ဟုတ်/မဟုတ် ကိုမူ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း
၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသား ဖော်ပြချက်အရ သိရှိရပါသည်။
သုံးသပ်ချက်
ဩစတြီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာရှိ နေရာ ၆
ခုတွင် နိုဝင်ဘာလ ၂ ရက်၌ ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမား
၁ ဦးအပါအဝင် လူ ၄ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ ၁၅
ဦးအနက် ၇ ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ဩစတြီးယားအစိုးရက ပြောကြားထား ပါသည်။
အကြမ်းဖက်သမားအချို့မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့်အတွက် ဩစတြီးယားအထူးတပ်ဖွဲ့သည်
မြို့တော်ဗီယင်နာ၏ဧရိယာကို ကန့်သတ်မှုမထားဘဲ ရှာဖွေမှုများပြုလုပ်လျက်ရှိသည့်အပြင်
စစ်ဘက်တပ်ဖွဲ့ဝင်များကလည်း မြို့တော်ရှိ နယ်မြေများကို ကာကွယ်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။
အဆိုပါတိုက်ခိုက်မှုသည် ရဟူဒီဘုရားကျောင်းတည်ရှိသည့်နေရာအနီးတွင်
ဖြစ်ပွားခဲ့ခြင်းကြောင့် ဂျူးလူမျိုး မုန်းတီးရေးအတွက်
ပြုလုပ်သည့်တိုက်ခိုက်မှု ဟုတ်/မဟုတ်ကို ဩစတြီးယားအာဏာပိုင် များက အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း
အစွန်းရောက်ဝါဒီများ၏တိုက်ခိုက်မှု တစ်ခုသာဖြစ်နိုင်ကြောင်း
ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် တမန်တော် မိုဟာမက်ပုံအား ပုံဖော်ထားသည့်
ကာတွန်းရုပ်ပြောင်ကိစ္စနှင့်စပ်လျဉ်း၍ အကြမ်းဖက် တိုက်ခိုက်မှု ၂ ကြိမ်တိုင်တိုင် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့်
ပြင်သစ်နိုင်ငံကလည်း အဆိုပါတိုက်ခိုက်မှုသည် အစ္စလာမ္မစ်အစွန်းရောက်များ၏
အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုပင်ဖြစ်သည်ဟု
အခိုင်အမာပြောကြားခဲ့ပါသည်။ မြို့တော်ဗီယင်နာသည် အစွန်းရောက်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်
မကြာခဏရင်ဆိုင်ကြုံတွေ့ ရလျက်ရှိရာ ယခုဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုအတွင်း
အကြမ်းဖက်သမားအချို့ ထွက်ပြေး လွတ်မြောက်နေမှုအား
အချိန်မီရှာဖွေနှိမ်နင်းနိုင်မှုမရှိပါက ဩစတြီးယားအစိုးရအတွက် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေနိုင်ကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment