တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံရှိ ရုရှားစစ်အခြေစိုက်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း
Bulgarianmilitary;
Jan-7 (Thu)
တူရကီစစ်ဘက်သည် ဆီးရီးယားနိုင်ငံ၊
တယ်လ်တာမာ (Tell Tamer) မြို့ရှိ ရုရှားစစ်အခြေစိုက်စခန်းအား
အမြောက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားအခြေစိုက် Aviapro
သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီစစ်ဘက်အနေဖြင့်
ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဝင်များ၏ တည်နေရာကို ပစ်မှတ်ထား
တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ပစ်ခတ်မှုမှားယွင်းခြင်းကြောင့် ရုရှား
စစ်အခြေစိုက်စခန်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့်
သေဆုံးသူအရေအတွက်အား ထုတ်ဖော်ကြေညာခဲ့ခြင်းမရှိကြောင်း ၎င်းသတင်းဌာနက
ထပ်လောင်းဖော်ပြခဲ့ပါသည်။ နှစ်သစ်ကူးနေ့ ကုန်ဆုံးသွားပြီးနောက်တွင် ဆီးရီးယား
နိုင်ငံ၊ အလက်ပိုမြို့၌ တူရကီစစ်ဘက်၏ အမြောက်ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပေါ်လာ
ခဲ့သော်လည်း အဆိုပါဒေသ၌ ရုရှားတပ်ဖွဲ့ဝင်များရှိနေသည့်အတွက် အပြန်အလှန်
ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း လက်ဘနွန်ဒေသတွင်း သတင်း
ဌာနတစ်ခုက ဖော်ပြခဲ့ပါသည်။
တူရကီစစ်ဘက်အနေဖြင့် ရုရှားစစ်အခြေစိုက်စခန်းအား
ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းမဟုတ်သည်ကို သတိပြုမိကြောင်း၊ ထို့ကြောင့် အဆိုပါတိုက်ခိုက်မှုအပေါ်
တာဝန်ယူဖြေရှင်းသင့်ကြောင်းနှင့် တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိပါက ရုရှား
တို့၏ တုံ့ပြန်ပစ်ခတ်မှုနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူများက
ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် အချို့သောလေ့လာသုံးသပ်သူများကမူ ရုရှား အနေဖြင့်
တူရကီတို့၏ တိုက်ခိုက်မှုကို ရန်စကျူးကျော်သည့် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်ဖွယ်ရှိကြောင်း
အခိုင်အမာ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော်လည်း ရုရှားနှင့် တူရကီတို့သည် လက်ရှိအချိန်အထိ
အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်မှတ်ချက်တစ်စုံတစ်ရာကိုမျှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း
သိရှိရပါသည်။
No comments:
Post a Comment