The National News; May-4(Tue)
လစ်ဗျားကြားဖြတ်အစိုးရအဖွဲ့အသစ်က နိုင်ငံတွင်းရှိ ပြည်ပတပ်ဖွဲ့များနှင့် ကြေးစားစစ်သားများဆုတ်ခွာရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တူရကီနိုင်ငံအား တောင်းဆိုခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ရပ်က မေလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevult Cavusoglu) လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့သို့လာရောက်စဉ် လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး နတ်ဂျ်လာ အယ်လ်မန်ဂို့ရှ် (Najla Al Mangoush) က အထက်ပါတောင်းဆိုချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခင်က ထရီပိုလီမြို့အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျား အမျိုးသားသဘောတူညီချက်အစိုးရအဖွဲ့ (Government of Natioanl Accord- GNA) သည် တူရကီ၏ကျောထောက်နောက်ခံပြုမှုနှင့် ဆီးရီးယားကြေးစားစစ်သားများ၏ ထောက်ပံ့နေမှုအပေါ်တွင် အလွန်တရာမှီခိုအားထားခဲ့ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းက တူရကီနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ပြောဆိုမှုများပြုလုပ် ခဲ့ကြပါသည်။
တစ်ဖက်တွင်လည်း ဗိုလ်ချုပ်ကြီး ခါလီဖာဟဖ်တာ (Khalifa Haftar) ၏ လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan National Army-LNA)သည် အီဂျစ်နှင့် ရုရှားနိုင်ငံ တို့၏အထောက်အပံ့များရယူပြီး နိုင်ငံအရှေ့ပိုင်းအခြေစိုက်အစိုးရအဖွဲ့အား ထောက်ပံ့မှု များပြုလုပ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် GNA နှင့် နိုင်ငံအရှေ့ပိုင်းအခြေစိုက် LNA အစိုးရနှစ်ရပ်လုံးသည် ကြားဖြတ်အစိုးရအဖွဲ့အသစ်ကို ထောက်ပံ့မှုများပြုလုပ်လျက် ရှိပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်မည့်ရွေးကောက်ပွဲကျင်းပနိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိလစ်ဗျားအစိုးရ၏ ပြုပြင်ပြောင်းလဲမှု များသည် အာဏာရှင် မွမ်မာကဒါဖီ (Muammar Qaddafi) ဖြုတ်ချခံရပြီးနောက် ပေါ်ပေါက် လာခဲ့သည့် နိုင်ငံတွင်းဖရိုဖရဲဖြစ်မှုများကို ပြန်လည်ပြင်ဆင်နိုင်မည့် မျှော်လင့်ချက် တစ်ခုဖြစ်လာခဲ့ပါသည်။ သို့သော် နိုင်ငံအတွင်း ပြည်ပတပ်ဖွဲ့များနှင့် ကြေးစားစစ်သား များတည်ရှိနေခြင်းသည် အစိုးရအသစ်၏ အသွင်ကူးပြောင်းရေးလုပ်ငန်းများအတွက် ခြိမ်းခြောက်မှုများဖြစ်ပေါ်လာနိုင်သည်ဟု ဒေသတွင်းသတင်းများက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment