Tuesday, September 14, 2021

ဘူလ်ဂေးရီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း တတိယအကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲအား ကျင်းပသွားရန်ရှိခြင်း

 

Kathimerini; Sep-14 (Tue)

              ဘူလ်ဂေးရီးယားနိုင်ငံသည် ယာယီညွန့်ပေါင်းအစိုးရအဖွဲ့တစ်ရပ်ဖွဲ့စည်းရန် အခြေခံသဘောတူညီမှုမရရှိခဲ့သည့်အတွက် လာမည့်နိုဝင်ဘာလ ၁၄ ရက်တွင် တတိယ အကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲအား ကျင်းပသွားရန်ရှိကြောင်း ဘူလ်ဂေးရီးယား သမ္မတ ရူမန်ရာဒက်ဗ် (Roumen Radev) က စက်တင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု Kathimerini သတင်းဌာနက စက်တင်ဘာလ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတရွေးကောက်ပွဲကိုလည်း အဆိုပါရက်တွင် ကျင်းပပြုလုပ်သွားရန် လွှတ်တော်အမတ် များက ကြိုတင်စီစဉ်ထားပြီးဖြစ်သဖြင့် တစ်ချိန်တည်းတွင် ဆန္ဒမဲ ၂ ခုပေးခြင်းသည် ပြည်သူ့ဘဏ္ဍာငွေနှင့် မဲဆန္ဒရှင်များ၏အချိန်ကို သက်သာစေမည်ဖြစ်ကြောင်း သမ္မတ ရာဒက်ဗ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ သမ္မတရွေးကောက်ပွဲတွင် ဒုတိယအကြိမ် သမ္မတသက်တမ်းကာလအတွက် ဆက်လက်ကြိုးပမ်းသွားမည့် သမ္မတ ရာဒက်ဗ်သည် လာမည့်သီတင်းပတ်အတွင်း ပါလီမန်ကိုရုပ်သိမ်းပြီး ယာယီအစိုးရတစ်ရပ်ကို ဖွဲ့စည်း သွားမည်ဖြစ်ပါသည်။

              ၎င်းအနေဖြင့် ဆင်းရဲမွဲတေမှုနှင့် တရားမျှတမှုမရှိခြင်းအား တိုက်ဖျက်ခြင်း ကဲ့သို့သောကိစ္စရပ်များအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘူလ်ဂေးရီးယားပြည်သူ အားလုံး၏ ထောက်ခံမှုကိုတန်ဖိုးထားသွားမည်ဖြစ်ကြောင်း ရာဒက်ဗ်က ပြောကြားခဲ့ ပါသည်။ လာမည့်ရွေးကောက်ပွဲသည် လက်ရှိရလဒ်အတိုင်း အလားတူရရှိလာနိုင်ပြီး ဥရောပသမဂ္ဂ၏ အဆင်းရဲဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်သော ဘူလ်ဂေးရီးယားနိုင်ငံတွင် လပေါင်း များစွာကိုင်တွယ်ဖြေရှင်းနေရသော နိုင်ငံရေးမတည်ငြိမ်မှုကို ပိုမိုဆိုးရွားလာစေမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက မျှော်မှန်းထားပါသည်။ ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှု များသည် ဘူလ်ဂေးရီးယားနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာတိုက်ဖျက် ရာတွင် ဖြစ်စေ၊ ဥရောပသမဂ္ဂ၏ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး ပြန်လည် နာလန်ထူထောင်ရေးရန်ပုံငွေထုတ်ပေးရာတွင်ဖြစ်စေ၊ ၂၀၂၄ ခုနှစ်တွင် ယူရို (Euro) ငွေကြေးစနစ်အား လက်ခံကျင့်သုံးမည့် ဦးတည်ချက်ကိုဖြစ်စေ အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment