Monday, September 13, 2021

ဥရောပသမဂ္ဂသည် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးကိစ္စ နှင့်ပတ်သက်၍ တူရကီနှင့်ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်သွားရန်ရှိခြင်း


Anadolu Agency; Sep-13 (Mon)

              ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုနှင့် နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ် များတွင် ဥရောပသမဂ္ဂ (EU) သည် တူရကီနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် ရည်ရွယ်ထားကြောင်း တူရကီနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ နီကိုလပ်စ်မီရာလန်ဒရတ် (Nikolaus Meyer-Landrut) က စက်တင်ဘာလ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂသည် မကြာသေးမီနှစ်များအတွင်း တူရကီနိုင်ငံသို့ ယူရိုသန်း ၃၅၀ (ဒေါ်လာ ၄၁၃.၂ သန်း)ကျော်တန်ဖိုးရှိအထောက်အပံ့များ ပေးအပ် ခဲ့ကြောင်း နီကိုလပ်စ်မီရာလန်ဒရတ်က တူရကီအရှေ့ပိုင်း ဗန် (Van) ပြည်နယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ အာဖဂန်နစ္စတန်၌ တာလီဘန်များသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းခဲ့ ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုများအား အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အီရန်နယ်စပ်မှဖြတ်ကျော်လာမည့် အာဖဂန်ရွှေ့ပြောင်းနေထိုင်သူ များ၏အရေးကိစ္စနှင့် ရင်ဆိုင်နေရသည့်အတွက် တူရကီအပါအဝင်ကမ္ဘာပေါ်ရှိ အခြားသော နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ဥရောပသမဂ္ဂတို့သည် အဆိုပါအခက်အခဲများအား ဝိုင်းဝန်း၍ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နီကိုလပ်စ်က ပြောကြားခဲ့ပါသည်။

              ဥရောပကောင်စီသည် ၂၀၂၀ ပြည့်နှစ်ကုန်အထိ အာဖဂန်ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအတွက် ယူရိုသန်း ၂၀၀ (ဒေါ်လာ ၂၃၆ သန်း) ထောက်ပံ့ခဲ့သော်လည်း ယခုအခါတွင် အဆိုပါပမာဏ၏ ၄ ဆထောက်ပံ့ရန် လိုအပ်လျက်ရှိကြောင်း ဂျီနီဗာမြို့တွင် စက်တင်ဘာလ ၁၃ ရက်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂညီလာခံတွင်ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂသည် တူရကီနှင့်ပူးပေါင်း၍ အာဖဂန်နစ္စတန်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ၌ အာဖဂန်ဒုက္ခသည်များအား ခိုလှုံခွင့် ပေးရန်နှင့် လုံခြုံမှုရှိစေရန် ဆောင်ရွက်သွားမည်ဟု နီကိုလပ်စ်က ပြောကြားခဲ့ပါသည်။ တူရကီနှင့်ဥရောပသမဂ္ဂတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်နိမိတ်များနှင့်စပ်လျဉ်းသည့် စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းများအား အတူတကွပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ ထားစဉ် ရွှေ့ပြောင်းအခြေချနေထိုင်သူများ ပိုမိုတိုးမြင့်လာမှုသည် တူရကီနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တွင် ပိုမိုအရေးကြီးသောကိစ္စရပ်တစ်ခုဖြစ်လာခဲ့ပါသည်။ ဥရောပ သမဂ္ဂသည် လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် လက်နက်များမှောင်ခိုတင်သွင်းမှုကို ကာကွယ်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲမှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် ခိုင်မာ အားကောင်းစေရန် လုပ်ဆောင်လျက်ရှိသည်ဟု နီကိုလပ်စ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          လက်ရှိတွင် တူရကီသည် အာဖဂန်နိုင်ငံသား ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၀၀,၀၀၀ ကျော်အပြင် ဒုက္ခသည်ဦးရေ ၃.၇ သန်းကို လက်ခံထားရှိလျက်ရှိပါသည်။ တာလီဘန်များသည် ဩဂုတ်လ ၁၅ ရက်တွင် အာဖဂန်နိုင်ငံအား အာဏာသိမ်းယူခဲ့ ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ၏အခြေအနေသည် ဆီးရီးယားနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေ့ပြောင်းအခြေချနေထိုင်သည့် အကျပ်အတည်းနည်းတူ ဖြစ်ပေါ်လျက်ရှိ ပါသည်။ ထို့ကြောင့် တူရကီနိုင်ငံသည် အီရန်နယ်စပ်မှဖြတ်ကျော်လာမည့် အာဖဂန် ရွှေ့ပြောင်းနေထိုင်သူများ၏အရေးကိစ္စနှင့် ရင်ဆိုင်နေရသည့်အပြင် အီရတ်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် အာဖရိကနိုင်ငံများမှ နိုင်ငံသားများသည်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များဖြစ်သော ပိုလန်၊ လစ်သူရေးနီးယားနှင့် လတ်ဗီးယားနိုင်ငံများသို့ ဖြတ်ကျော် ဝင်ရောက်မှုများမှာ မကြာသေးမီလများတွင် မြင့်တက်လာခဲ့ပါသည်။ ထို့ကြောင့် ပုံမှန် မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုနှင့် နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ဥရောပသမဂ္ဂ သည် တူရကီနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ ဥရောပသမဂ္ဂသည် တူရကီနှင့်ပူးပေါင်း၍ အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၌ အာဖဂန်ဒုက္ခသည်များအား ခိုလှုံခွင့်ပေးရန်နှင့် လုံခြုံမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဖဂန်ဒုက္ခသည်များအပေါ် ထောက်ပံ့ပေးလျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များအား ယခုထက်ပိုမိုဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂနှင့် တူရကီနိုင်ငံ၏ ပူးပေါင်းဆောင်ရွက် မှုသည် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုကို ကာကွယ်ခြင်းဖြင့် လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါး၊ လက်နက်များမှောင်ခိုတင်သွင်းမှုများ လျော့နည်းပပျောက်မှုရှိစေရန် လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment