Thursday, September 2, 2021

တူရကီနှင့် အဇာဘိုင်ဂျန်အထူးတပ်ဖွဲ့များသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်း


Anadolu Agency; Sep-3(Fri)

              တူရကီနှင့် အဇာဘိုင်ဂျန်အထူးတပ်ဖွဲ့များသည် စက်တင်ဘာလ ၂ ရက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများအား စတင်လုပ်ဆောင်ခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) တို့သည် အဇာဘိုင်ဂျန်နိုင်ငံ၏ သမိုင်းဝင်မြို့ဖြစ်သည့်  ဆူရှာ (Shusha) ၌ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှု၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် သာယာဝပြောရေးကိုမြှင့်တင်ရန်နှင့် သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းသစ်များ တည်ဆောက်ခြင်းတို့အား အဓိကထားလုပ်ဆောင်မည့် Shusha ပူးတွဲကြေညာချက်တစ်ရပ်ကို ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အရ နှစ်နိုင်ငံ စစ်ဘက်တပ်ဖွဲ့ဝင်များသည် ပူးတွဲစစ်ရေးလေ့ကျင့်မှု များအား အဇာဘိုင်ဂျန်နိုင်ငံ၊ မြို့တော် ဘာကူ (Baku) ၌ စက်တင်ဘာလ ၂ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်တွင် လေ့ကျင့်မှုပြီးဆုံးမည်ဖြစ်ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

              အဆိုပါလေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ စစ်ဆင်ရေးကာလအတွင်း နှစ်နိုင်ငံ တပ်များ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုကိုမြှင့်တင်ရန်၊ တပ်မှူးများအကြား စစ်ရေးဆုံးဖြတ်ချက် ချနိုင်စွမ်းနှင့် တပ်ဖွဲ့များအား ထိန်းချုပ်နိုင်စွမ်းတိုးတက်လာစေရန်ဖြစ်ပါသည်။ အဆိုပါ လေ့ကျင့်ခန်းများအတွင်း ရေအောက်တိုက်ခိုက်ခြင်းဆိုင်ရာလေ့ကျင့်မှုများကို လုပ်ဆောင်၍ လေ့ကျင့်မှုကို အောင်မြင်စွာ အဆုံးသတ်မည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ဆက်လက် ပြောကြားခဲ့ပါသည်။ ပူးတွဲရေအောက်တိုက်ခိုက်ရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူနေဧရိယာများတွင် ပစ္စတို၊ ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုလေ့ကျင့်ခြင်း များအပါအဝင် အနီးကပ်တိုက်ခိုက်ရေးလေ့ကျင့်မှုများအား ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာစာမျက်နှာပေါ်တွင် အတည်ပြုရေးသားခဲ့ ပါသည်။ နှစ်နိုင်ငံဝန်ကြီးဌာနများသည် ပူးတွဲလေ့ကျင့်မှုတွင် ရိုက်ကူးထားသောပုံရိပ် များနှင့် ဗီဒီယိုများကိုလည်း တွစ်တာစာမျက်နှာပေါ်တွင် မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment