Saturday, October 16, 2021

ပိုလန်နှင့် ဘီလာရုဇ်နယ်စပ်အကြား နယ်စပ်တံတိုင်းတည်ဆောက်မည့် စီမံကိန်းကို ပိုလန်လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း

 


Politico; Oct-15 (Fri)

              ပိုလန်လွှတ်တော်သည် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များကို တားမြစ်နိုင်ရေးအတွက် ဘီလာရုဇ်နယ်စပ်၌ ယူရို သန်း ၃၅၀ တန်ဖိုးရှိ နယ်စပ်တံတိုင်းတည်ဆောက်မည့် စီမံကိန်းအား အောက်တိုဘာလ ၁၄ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပိုလန်အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့ပါ သည်။ ပိုလန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်မှုမြင့်တက်လျက်ရှိခြင်း ကြောင့် အစိုးရအနေဖြင့် ဘီလာရုဇ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်တစ်လျှောက် ၃ ကီလိုမီတာ အကွာအဝေးတွင် သွားလာလှုပ်ရှားမှုမပြုလုပ်ရန် အရေးပေါ်အခြေအနေ တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ပြီး နယ်စပ်တံတိုင်းတည်ဆောက်မည့် စီမံကိန်းများ ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအာဏာပိုင်များက ဆက်လက်ပြောကြားခဲ့ပါသည်။

               ပိုလန်အစိုးရသည် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာမှုအား တားဆီးရန် သံဆူးကြိုးကာရံခြင်းကို ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ လုပ်ဆောင်လျက်ရှိပါသည်။ သံဆူးကြိုးအတားအဆီးအပါအဝင် စောင့်ကြည့်စစ်ဆေးရေးကင်မရာများနှင့် လှုပ်ရှား နိုင်သည့် အာရုံခံကိရိယာများ တပ်ဆင်အသုံးပြုသွားမည့် နယ်စပ်တံတိုင်း တည်ဆောက် ရေးအစီအစဉ်နှင့်စပ်လျဉ်းသည့် ဥပဒေမူကြမ်းကို ပိုလန်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ရာ ထောက်ခံမဲ ၂၇၄ မဲ၊ ကန့်ကွက်မဲ ၁၇၄ မဲနှင့် ကြားနေမဲ ၁ မဲတို့ဖြင့် အတည်ပြု ခဲ့ပါသည်။ အဆိုပါ ဥပဒေမူကြမ်းတွင် အများပြည်သူများကို တင်ဒါခေါ်ယူခြင်းမပြုဘဲ နယ်စပ်တံတိုင်းအား တည်ဆောက်ရန်နှင့် တံတိုင်းဆောက်လုပ်ရာတွင် နိုင်ငံသားများထံမှ မြေနှင့် အဆောက်အဦများကို သိမ်းယူမှုပြုရန် လိုအပ်လာပါက နစ်နာကြေးပေးလျော်ရေး ဆိုင်ရာ ပြဌာန်းချက်တစ်ရပ်ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ ပိုလန်နိုင်ငံသည် ၎င်း၏ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ မူဝါဒနှင့်  နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများကို  ခွင့်မပြုဘဲ တရားမဝင် ဖိအားပေးနှင်ထုတ်လျက်ရှိသည်ဟူသော စွပ်စွဲချက်များကြောင့်  ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

No comments:

Post a Comment