Reuters; Oct-10 (Sun)
ချက်သမ္မတနိုင်ငံသည် အောက်တိုဘာလ ၁၀ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲများတွင် ဗဟိုလက်ယာဖြစ်သည့် အတိုက်အခံပါတီ “Together” အနိုင်ရရှိခဲ့ပြီး လက်ရှိဝန်ကြီးချုပ် အန်ဒရေဘာဘစ်စ် (Andrej Babis) ၏ ANO ပါတီ ရှုံးနိမ့်ခဲ့ရပါသည်။ လွှတ်တော်တွင် လူများစုဖြစ်စေရန်အတွက် Together ပါတီနှင့် အခြားအတိုက်အခံပါတီတစ်ခုဖြစ်သော Pirates/Mayors တို့ ပူးပေါင်းကြမည် ဖြစ်ပါသည်။ ထိုသို့ပေါင်းစည်းမည်ဆိုပါက အမတ်နေရာ ၂၀၀ ရှိသော ချက်လွှတ်တော် တွင် Together ပါတီနှင့် Pirates/Mayors ပါတီတို့သည် အမတ်နေရာ ၁၀၈ နေရာဖြင့် လူများစုဖြစ်လာပြီး လွှတ်တော်ကို ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
လတ်တလောထုတ်ပြန်ထားသည့် ရွေးကောက်ပွဲရလဒ်များအရ မဲဆန္ဒနယ် အားလုံး၏ ၉၉.၉၇ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် အတိုက်အခံ Together ပါတီက ၂၇.၇၈ ရာခိုင်နှုန်း၊ လက်ရှိအာဏာရ ANO ပါတီက ၂၇.၁၃ ရာခိုင်နှုန်းနှင့် Pirates/ Mayors ပါတီက ၁၅.၆၀ ရာခိုင်နှုန်း စသည်ဖြင့် ထောက်ခံမဲများရရှိထားပါသည်။ အတိုက်အခံပါတီအားလုံးက ဝန်ကြီးချုပ် ဘာဘစ်စ်နှင့် လက်တွဲလုပ်ဆောင်ရန် ငြင်းဆန်ထားပြီး အစိုးရသစ်ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားပါသည်။ အစိုးရသစ်အနေဖြင့် လိုငွေပြနေသည့် ရသုံးခန့်မှန်းခြေငွေစာရင်းကို လျှော့ချဖြတ်တောက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှု များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အတိုက်အခံပါတီ များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment