Tuesday, October 12, 2021

ပိုလန်အစိုးရသည် ဘီလာရုဇ်နှင့် နယ်စပ်တံတိုင်းတည်ဆောက်မည့် ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ခြင်း

 

Thefirstnews;Oct-12(Tue)

              ပိုလန်အစိုးရသည် ဘီလာရုဇ်နှင့် နယ်စပ်တံတိုင်းတည်ဆောက်မည့် ဥပဒေ မူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး မာရူဇ်ခါမင်စကီး (Mariusz Kaminski) က အောက်တိုဘာလ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ စောင့်ကြည့် စစ်ဆေးရေးစနစ်နှင့် လှုပ်ရှားနိုင်သည့်အာရုံခံကိရိယာများ တပ်ဆင်အသုံးပြုထားသည့် ခိုင်မာတောင့်တင်းသော နယ်စပ်တံတိုင်းတည်ဆောက်မှုတွင် အထောက်အပံ့ရရှိရေး အတွက် အဆိုပါဥပဒေမူကြမ်းကို အောက်လွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ ပိုလန်အစိုးရအနေဖြင့် နယ်စပ်တံတိုင်းတည်ဆောက်ခြင်းကို အခြားနိုင်ငံများနှင့်လည်း လုပ်ဆောင်ခဲ့ပြီးဖြစ်သည့် အတွက် နယ်စပ်တံတိုင်းစီမံကိန်းနှင့်ပတ်သက်၍ တိကျခိုင်မာသည့် တုံ့ပြန်မှုပေးရန် ဘီလာရုဇ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို (Alexander Lukashenko) အပေါ် တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း မင်စကီးက ထပ်လောင်းပြောကြားခဲ့ပါသည်။

              ပိုလန်အစိုးရသည် နယ်စပ်တွင် နယ်ခြားစောင့်တပ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားလျက်ရှိသော်လည်း နိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးပမ်းမှုများ မြင့်တက်လျက်ရှိခြင်းကြောင့် နယ်စပ်တံတိုင်း တည်ဆောက်ရန် လိုအပ်လာခဲ့ခြင်းဖြစ်ကြောင်း ခါမင်စကီးက ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ ရွှေ့ပြောင်း ဒုက္ခသည်များသည် ဘီလာရုဇ်မှတစ်ဆင့် ပိုလန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လျက်ရှိရာ ပိုလန်အစိုးရသည် ၎င်းတို့အားတားမြစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါသည်။ ထို့ပြင် ဘီလာရုဇ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပိုလန်နယ်စပ်အနီး တစ်ဝိုက်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၂ ရက်မှစ၍ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါနယ်မြေအတွင်း သွားလာမှုမပြုရန် ကန့်သတ်တားမြစ်ခဲ့ကြောင်း ခါမင်စကီးက ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment