Sunday, October 10, 2021

တူရကီသမ္မတသည် လက်နက်ဝယ်ယူခွင့်နှင့်ပတ်သက်၍ အမေရိကန်အပေါ် တောင်းဆိုမှုများပြုလုပ်သွားမည်ဆိုခြင်း

 Ahvalnews; Oct-11(Mon)

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အမေရိကန်နှင့် လက်နက်ဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်များဆိုင်းငံ့မှုကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းသည့်အစိတ်အပိုင်းတစ်ရပ်အဖြစ် အမေရိကန်ထုတ် စစ်လေယာဉ် များဝယ်ယူခွင့်ရရှိရန်အတွက် အီတလီနိုင်ငံ၊ ရောမမြို့၌ကျင်းပပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေး၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ထံတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Bloomberg သတင်းဌာနက အောက်တိုဘာလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် လော့ဟိမာတင်ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်သစ် အစီး ၄၀ နှင့် ၎င်း၏ လက်ရှိအသုံးပြုလျက်ရှိသည့် F-16 တိုက်လေယာဉ်အစီး ၇၀ အား အဆင့်မြှင့်တင်နိုင်ရေးအတွက် ပစ္စည်းကိရိယာ ၈၀ နီးပါးကို ရောင်းချပေးရန်ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန်ထံ တောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက် ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင်လည်း အထက်ပါအတိုင်းတောင်းဆိုမှု များထပ်မံပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပါသည်။

တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များဝယ်ယူခဲ့သည့်အပေါ် အမေရိကန်နိုင်ငံက ကန့်ကွက်မှုများပြုလုပ်ခဲ့ရာ တူရကီက အဆိုပါကန့်ကွက်မှုအား ပယ်ချခဲ့ပါသည်။ ထို့ကြောင့် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ  ၆ ဘီလီယံ တန်ဖိုးရှိသည့် F-16 တိုက်လေယာဉ်များနှင့် ပစ္စည်းကိရိယာများဝယ်ယူရန် အာဒိုဂန်၏ယခုတောင်းဆိုမှုမှာ အောင်မြင်မှုရရှိနိုင်ရန်မလွယ်ကူနိုင်ကြောင်း တူရကီ အတိုက်အခံပါတီက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် အမေရိကန်ထုတ် ပဉ္စမ မျိုးဆက် F-35 တိုက်လေယာဉ်များ ဝယ်ယူမှုဆိုင်းငံ့ခံခဲ့ရပြီးနောက်  ၎င်း၏လေတပ်အား ခေတ်မီတိုးတက်စေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်မှုများပြုလုပ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနိုင်ငံသည် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ဝယ်ယူသည့်ပထမဆုံးသော NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါသည်။ ထို့ပြင် တူရကီသည် အမေရိကန်နိုင်ငံထံမှ F-35 တိုက်လေယာဉ် ၁၀၀ စီးဝယ်ယူရန်စီစဉ်ထားရှိခဲ့ရာမှ အမေရိကန် နိုင်ငံက တူရကီ၏အဆိုပါ S-400 ဝယ်ယူမှုကြောင့် ၎င်းတို့၏ F-35 တိုက်လေယာဉ်များ အပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဆိုသောအကြောင်းပြချက်ဖြင့် F-35 တိုက်လေယာဉ် များရောင်းချပေးရန် စီစဉ်ထားရှိမှုအား ရပ်ဆိုင်းမှုများပြုလုပ်ခဲ့ပါသည်။ အမေရိကန် လွှတ်တော်အမတ်များသည်လည်း အရေးယူပိတ်ဆို့မှုချမှတ်ခြင်းမှတစ်ဆင့် အမေရိကန် နိုင်ငံ၏ ရန်ဘက်များကိုတုံ့ပြန်ဆောင်ရွက်မှုအက်ဥပဒေ (Countering America’s Adversaries Through Sanctions Act-CAATSA) အရ တူရကီနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ရန် ဆောင်ရွက်မှုများပြုလုပ်လာခဲ့ပါသည်။ ထိုသို့အရေးယူပိတ်ဆို့မှု များချမှတ်ခဲ့သော်လည်း တူရကီသည် S-400 စနစ်များ ဒုတိယအသုတ်ထပ်မံဝယ်ယူရေး အတွက် ရုရှားနှင့် နည်းပညာလွှဲပြောင်းပေးရေး၊ ပြည်တွင်းထုတ်လုပ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိပြီး အခြားတစ်ဖက်တွင်မူ တူရကီ နိုင်ငံသည် လက်နက်ဝယ်ယူရေးဆိုင်ရာသဘောတူညီချက်များရရှိရန် အမေရိကန်ထံ တောင်းဆိုမှုများပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ တူရကီနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံထံမှ S-400 စနစ်များ ထပ်မံဝယ်ယူမည်ဆိုပါက အမေရိကန်၏ ၎င်းအပေါ် လက်နက်ရောင်းချရေးအစီအစဉ်များမှာ အလှမ်းဝေးကွာနေဦးမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။   

No comments:

Post a Comment