Trtworld; Oct-22(Fri)
ကာဂျစ္စတန်နိုင်ငံအနေဖြင့် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်အား အဆင့်မြှင့်တင် ရန်အတွက် တူရကီနိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များ ဝယ်ယူသွား မည်ဖြစ်ကြောင်း ကာဂျစ္စတန်အမျိုးသားလုံခြုံရေးကော်မရှင်ဥက္ကဋ္ဌ ကမ်ချီဘက်တရှဗ် (Kamchybek Tashiev) က အောက်တိုဘာလ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်များသည် တူရကီနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းထုတ်ကုမ္ပဏီ ဖြစ်သည့် Baykar ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် Bayraktar TB2 မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်အမျိုးအစားဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ သည် လက်ရှိအချိန်တွင် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအား တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း မိမိတို့နိုင်ငံသို့ ရောက်ရှိလာမည်ဖြစ် ကြောင်း တရှဗ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအား လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံတို့အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပါအဝင် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြားဖြစ်ပွားခဲ့သည့် နာဂေါ်နို-ကာရာဘတ်ခ်ဒေသပဋိပက္ခတွင် ထိရောက်စွာအသုံးပြုခဲ့ကြပါသည်။ အဇာဘိုင်ဂျန်၊ ယူကရိန်း၊ ကာတာ၊ လစ်ဗျား၊ မော်ရိုကို၊ ပိုလန်နှင့် တူနီးရှားနိုင်ငံတို့သည် တူရကီနိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များအား ဝယ်ယူခွင့်ရရှိသည့်နိုင်ငံများဖြစ်ပါသည်။ ထို့ပြင် ကာဂျစ္စတန်နိုင်ငံသည် ရုရှားနိုင်ငံထုတ် Orlan-10 မောင်းသူမဲ့လေယာဉ်များနှင့် ယူအေအီးနိုင်ငံထုတ် သံချပ်ကာ ယာဉ်အစီး ၄၀ ခန့်အား ထပ်မံဝယ်ယူသွားမည်ဖြစ်သည်ဟု တရှဗ်က ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment