Sunday, October 24, 2021

တူရကီသမ္မတသည် အမေရိကန်အပါအဝင် သံအမတ် ၁၀ ဦးအား နိုင်ငံမှ နှင်ထုတ်ခဲ့ခြင်း

 

Asia.nikkei.com;Oct-24(Sun)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အမေရိကန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့မှ သံတမန်များအပါအဝင် အနောက်နိုင်ငံများမှ သံအမတ် ၁၀ ဦးအား နိုင်ငံအတွင်းမှ နှင်ထုတ်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) အား အောက်တိုဘာလ ၂၃ ရက်တွင် ညွှန်ကြားခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ အဆိုပါနိုင်ငံများမှ သံတမန်များနှင့်သံအမတ်များအနေဖြင့် တူရကီအစိုးရမှ ဖမ်းဆီးထိန်းသိမ်းထားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တစ်ဉီးဖြစ်သူ အိုစမန်ကာဗာလာ (Osman Kavala)အား ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြသည့်အတွက် နှင်ထုတ်ရခြင်းဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါသည်။ အဆိုပါတောင်းဆိုမှုအား အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နှင့် နယူးဇီလန်နိုင်ငံတို့မှ သံအမတ်များက အောက်တိုဘာလ ၁၈ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့ကြခြင်းဖြစ်ပါသည်။

          ပရဟိတနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကာဗာလာ အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ဆန္ဒပြမှု များနှင့် ပတ်သက်ဆက်နွှယ်လျက်ရှိသည်ဟူသော စွဲချက်များနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၌ ပယ်ဖျက်ပေးခြင်းခံခဲ့ရသော်လည်း ၂၀၁၆ ခုနှစ်အတွင်းကဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဆက်လက်ထိန်းသိမ်းခံထားရ ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ နိုင်ငံတကာလေ့လာ စောင့်ကြည့်သူများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ၂၀၁၆ ခုနှစ်မှစ၍ ဖမ်းဆီး ခံထားရသည့် ကာဗာလာအပါအဝင် ကာ့ဒ်နိုင်ငံရေးသမားဖြစ်သူ ဆီလာဟတ်တင် ဒီမီရက်စ် (Selahattin Demirtas) တို့အား ပြန်လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုမှု များပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment