Al-monitor; Nov-29 (Mon)
တူရကီနိုင်ငံသည်
အစ္စရေး၊ အီဂျစ်နိုင်ငံတို့နှင့် ပိုမိုကောင်းမွန်သော မိတ်ဖက် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
နိုဝင်ဘာလ ၃၀ ရက်တွင် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။
ထို့ပြင် သမ္မတ အာဒိုဂန်အနေဖြင့် အီဂျစ်နှင့် အစ္စရေးနိုင်ငံတို့၌
သံအမတ်များ ပြန်လည်ခန့်အပ်သွားနိုင်ဖွယ်ရှိကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် အီဂျစ်စစ်ဘက်သည်
၎င်း၏ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohammed Morsi) အား ဖြုတ်ချခဲ့မှုအပေါ်
တူရကီ အစိုးရက ကန့်ကွက်မှုများပြုလုပ်ခဲ့သည့်အတွက်
နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးမှာ ယိုယွင်းခဲ့ပါသည်။ တူရကီ-အီဂျစ် ဆက်ဆံရေးတင်းမာနေမှုများသည်
ပြီးခဲ့သည့် မေလ အတွင်းပြေလည်သွားခဲ့ပြီးနောက် စက်တင်ဘာလမှစ၍
နှစ်နိုင်ငံအကြား ပုံမှန် ဆွေးနွေးမှုများ
ဆက်လက်ပြုလုပ်သွားရန် ကတိပြုခဲ့ကြပါသည်။
တူရကီ-အစ္စရေးဆက်ဆံရေးသည် ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်တွင်
ဂါဇာ ကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသည့် တူရကီထောက်ပံ့ရေးသင်္ဘောတစ်စီးအား
အစ္စရေးရေတပ်မှ ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး
၎င်းစီးနင်းမှုအတွင်း တူရကီနိုင်ငံသား တက်ကြွလှုပ်ရှားသူ ၁ဝ ဦးသေဆုံးခဲ့ပြီးနောက်
တင်းမာမှုများဖြစ်ပေါ်လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင်လည်း ပါလက်စတိုင်းပြည်သူများ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ တူရကီအစိုးရက အစ္စရေး သံအမတ်ကြီးအား နိုင်ငံအတွင်းမှနှင်ထုတ်ခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုများမှာ
ပိုမိုမြင့်တက်ခဲ့ပါသည်။ သို့ရာတွင် တူရကီသမ္မတအာဒိုဂန်နှင့်
အစ္စရေးသမ္မတ အစ်ဆက် ဟာဇော့ (Isaac
Herzog) တို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်တည်ဆောက် သွားရန် ပြီးခဲ့သည့်ဇူလိုင်လတွင်ကတိပြုခဲ့ကြပါသည်။
ထို့ပြင် တူရကီအစိုးရသည် “သူလျှို" ဟု သံသယရှိမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော
အစ္စရေးခရီးသွားနှစ်ဦးအား ယခုလအတွင်း ပြန်လွှတ်ပေးခဲ့ပြီးနောက်တွင် သမ္မတ အာဒိုဂန်နှင့်
အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် (Naftali
Bennett) တို့သည် နှစ်နိုင်ငံကိစ္စရပ်များနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း
သတင်းအရင်းအမြစ် များ၏ ဖော်ပြချက်အရသိရှိရပါသည်။
No comments:
Post a Comment