Sputnik; Jan- 19 (Wed)
အက်စတိုးနီးယားအစိုးရသည် နိုင်ငံကာကွယ်ရေးကဏ္ဍ ခိုင်မာအားကောင်း လာစေရေးအတွက် ကာကွယ်ရေးအသုံးစရိတ်ကို ယူရို ၃၈၀ သန်း (အမေရိကန်ဒေါ်လာ ၄၂၉.၄ သန်း) ထပ်မံတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း အက်စတိုးနီးယားဝန်ကြီးချုပ် ကာဂျာကယ်လက်စ် (Kaja Kallas) က ဇန်နဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံ၏ ဘက်စုံကာကွယ်ရေးအသုံးစရိတ်ကို ကနဦးတွင် ယူရို ၁.၁၃ ဘီလီယံအထိတိုးမြှင့်ပေးရန် စီစဉ်ထားခဲ့သော်လည်း အက်စတိုးနီးယားလွှတ်တော်မှ ချမှတ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုင်ငံတော်ဘတ်ဂျက်အစီအစဉ်အရ ယူရိုသန်း ၇၅၀၊ သို့မဟုတ် GDP ၏ ၂.၃ ရာခိုင်နှုန်းကိုသာ ခွဲဝေပေးခဲ့ပါသည်။ သို့သော် အက်စတိုးနီးယားအစိုးရ သည် စစ်ရေးနှင့်စပ်လျဉ်းသည့် ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကာကွယ်ရေးရန်ပုံငွေိကို ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ ခြင်းကြောင့် လွှတ်တော်အနေဖြင့် သဘောတူခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။
ရုရှားနိုင်ငံသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မည်သို့မျှ ဝင်ရောက်ပြောဆိုခွင့်ရှိမည်မဟုတ် ကြောင်းနှင့် အက်စတိုးနီးယားနိုင်ငံအနေဖြင့်လည်း နေတိုးအဖွဲ့၏ ဘုံရပ်တည်ချက် မူဝါဒကို ဖြည့်ဆည်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးပမ်း လျက်ရှိကြောင်း ကယ်လက်စ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားသည် တင်းမာမှု များကို ဖြေလျှော့မည့်လက္ခဏာမရှိဘဲ ယူကရိန်းအပေါ် စစ်ရေးအရရန်စမှုများ ဆက်လက် လုပ်ဆောင်နေမှုများကြောင့် ၎င်းတို့အနေဖြင့် ပြင်ဆင်မှုများလုပ်ဆောင်ထားရမည် ဖြစ်ကြောင်းနှင့် ရုရှားအနေဖြင့် ယူကရိန်းအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင် လာပါက ဥရောပသမဂ္ဂသည် အမေရိကန်နှင့်ပူးပေါင်း၍ အရေးယူပိတ်ဆို့မှုအစီအစဉ် များကို လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်းကိုလည်း ၎င်းက အလေးထားပြောကြားခဲ့ ပါသည်။ အက်စတိုးနီးယားနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အတွက် ယူရို ၄၅၀ သန်းအသုံးပြုခဲ့ပြီး ယခုနှစ်တွင် ဘောလ်တစ် (Baltic) ဒေသ၏ လုံခြုံရေးအခြေအနေယိုယွင်းလာခြင်းကြောင့် ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုတိုးမြှင့်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment