Wednesday, January 19, 2022

အက်စတိုးနီးယား၊ လစ်သူရေးနီးယား၊ လတ်ဗီးယားတို့မှ လက်နက်များအား ယူကရိန်းသို့လွှဲပြောင်းပေးရန် အမေရိကန်က အတည်ပြုခဲ့ခြင်း

Urdupoint; Jan-20 (Thu)

ရုရှားနှင့် ယူကရိန်းတို့အကြား တင်းမာမှုများမြင့်တက်နေစဉ် အက်စတိုးနီးယား၊ လစ်သူရေးနီးယား၊ လတ်ဗီးယားနိုင်ငံတို့သည် ၎င်းတို့နိုင်ငံများရှိ အမေရိကန်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများကို ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုမှုအား အမေရိကန်အစိုးရက အတည်ပြုလိုက်ပြီဖြစ်ကြောင်း အထက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေးကော်မတီမှ ထိပ်တန်းရီပတ်ဘလစ်ကန်လွှတ်တော်အမတ် ဂျင်းရိရှ် (Jim Risch) က ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။ ဇန်နဝါရီလ ၁၉ ရက်နံနက်ပိုင်းတွင် အက်စတိုးနီးယား၊ လစ်သူရေးနီးယား၊ လတ်ဗီးယားနိုင်ငံတို့သည် ၎င်းတို့၏ တင့်ဖျက်နှင့် မြေပြင်မှဝေဟင်ပစ်ဒုံးကျည် ကဲ့သို့သော အမေရိကန်ထုတ်လက်နက်များအား ယူကရိန်းနိုင်ငံသို့ပေးပို့ရန် ခွင့်ပြုချက် တောင်းခံခဲ့သဖြင့် အထက်ပါအတည်ပြုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်း နိုင်ငံသည် ရုရှားနိုင်ငံ၏ ကျူးကျော်မှုကို ကာကွယ်နိုင်ရန်အတွက် လက်နက်မျိုးစုံ လိုအပ်လျက်ရှိပြီး မဟာမိတ်နိုင်ငံများကလည်း ၎င်းတို့၏လက်နက်များအား ယူကရိန်းသို့ ထောက်ပံ့ပေးရန် လိုလားလျက်ရှိပါသည်။

အနောက်နိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့သည် ယူကရိန်းနယ်စပ်အနီးတွင် ရုရှား၏ ရန်လိုသည့်လုပ်ရပ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများအား မကြာသေးမီက ဖော်ပြခဲ့ပြီး ရုရှားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ရန်အတွက် စစ်ရေးမြှင့်တင် မှုများ ပြုလုပ်နေကြောင်း ယူကရိန်းနိုင်ငံက စွပ်စွဲပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံ၏ စွပ်စွဲချက်အား ရုရှားနိုင်ငံက ငြင်းဆိုထားပြီး ၎င်းတို့အနေဖြင့် မည်သည့်နိုင်ငံကိုမှျ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် အဆိုပါစွပ်စွဲချက်များသည် ရုရှားနယ်စပ် အနီးတွင် နေတိုးစစ်လက်နက်ပစ္စည်းများ ပိုမိုချထားရန်အတွက် အကြောင်းပြချက် တစ်ခုသာဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့ပါသည်။ အမေရိကန်၏ လက်နက်ပို့ကုန် လိုင်စင်စည်းမျဉ်းများအရ ဘောလ်တစ်နိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ လက်နက်များ မလွှဲပြောင်းမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရန်လိုအပ်သဖြင့် ယခုကဲ့သို့ လက်နက်လွှဲပြောင်းခွင့် အတည်ပြုချက်ကို ရယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

သုံးသပ်ချက်

ရုရှားနိုင်ငံသည် ယူကရိန်းနယ်စပ်တစ်လျှောက်တွင် တပ်အင်အားသိန်းနှင့်ချီ၍ တပ်ဖြန့်ထားပြီး အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံနှင့်လည်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ထိုကဲ့သို့လုပ်ဆောင်ရခြင်းမှာ မိမိနိုင်ငံအတွင်းသို့ NATO တပ်ဖွဲ့များ ကျူးကျော်လာမည့်အန္တရာယ်ကို ကာကွယ်ရန်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရုရှားသမ္မတရုံးက ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အနောက်နိုင်ငံ များနှင့် ယူကရိန်းနိုင်ငံသည် ယူကရိန်းနယ်စပ်တစ်လျှောက်တွင် ရုရှား၏ စစ်အင်အား တိုးချဲ့ခြင်းနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ယူကရိန်းနိုင်ငံဘက်မှ ကာကွယ် နိုင်ရန်အတွက် ဘောလ်တစ်နိုင်ငံများဖြစ်သော အက်စတိုးနီးယား၊ လစ်သူရေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့သည် ၎င်းတို့ပိုင်ဆိုင်ထားသော အမေရိကန်နိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေးနှင့် မြေပြင်မှဝေဟင်ပစ် စစ်လက်နက်ပစ္စည်းအား ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးရန် ဆန္ဒရှိလျက်ရှိပါသည်။ ဘောလ်တစ်နိုင်ငံများသည် အမေရိကန်နိုင်ငံ ထံမှ လက်နက်များဝယ်ယူစဉ်က ၎င်းတို့ဝယ်ယူထားသော လက်နက်များအား အခြားသော နိုင်ငံများသို့ လွှဲပြောင်းပေးခြင်း၊ ရောင်းချပေးခြင်းများမပြုရန်ဟူသောအချက်သည် စာချုပ်တွင်ပါရှိပါသည်။ ထို့ကြောင့် ၎င်းတို့၏လက်နက်များအား ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရန်အတွက် အမေရိကန်နိုင်ငံ၏ ခွင့်ပြုချက်ကိုရရှိရန် လိုအပ်နေခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် ၎င်း၏ဩဇာအာဏာအား ဖြန့်ကြက်လိုသည့်အတွက် ဘောလ်တစ်နိုင်ငံများ၏ တောင်းဆိုချက်ကိုလက်ခံ၍ ၎င်းနိုင်ငံထုတ်လက်နက်များအား ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးရန် အတည်ပြုခဲ့ပါသည်။ အမေရိကန်၏ လက်နက် လွှဲပြောင်းပေးရေးအတည်ပြုချက်သည် ရုရုားနိုင်ငံအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လျက်ရှိသည့် ရုရှား-ယူကရိန်းနိုင်ငံ အကြား ယူကရိန်းနိုင်ငံသို့ အနောက်အုပ်စုများ ဝင်ရောက်စွက်ဖက်လာမှုသည် နှစ်နိုင်ငံ အကြားတင်းမာမှုများ ပိုမိုတိုးပွားလာစေနိုင်ပါသည်။ အဆိုပါအခြေအနေကို သံတမန် ရေးနည်းလမ်းနှင့်ဖြေရှင်းမှသာ အောင်မြင်နိုင်မည်ဖြစ်သော်လည်း ယူကရိန်းနိုင်ငံအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက လက်နက်များ အပြိုင်အဆိုင်ထောက်ပံ့ ပေးလျက်ရှိသည်ကို တွေ့ရပါသည်။ ရုရှား-ယူကရိန်းအရေးကိစ္စအား သံတမန်ရေးနည်းဖြင့် ဆောင်ရွက်ခြင်းမပြုနိုင်ပါက ခေတ်သစ်စစ်လက်နက်ပစ္စည်းများအသုံးပြု၍ ပြင်းထန်သည့် ကြားခံစစ်ပွဲတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment