Tuesday, January 25, 2022

ခရိုအေးရှားအစိုးရသည် အဇာဘိုင်ဂျန်၌ ပြုလုပ်သည့် ဓာတ်ငွေ့ဖြန့်ဖြူးရေးဆိုင်ရာ အကြံပေးကောင်စီ အစည်းအဝေးသို့ တက်ရောက်ရန်ကိုယ်စားလှယ် ၃ ဦးစေလွှတ်ခဲ့ခြင်း

ခရိုအေးရှားအစိုးရအနေဖြင့် လာမည့်ဖေဖော်ဝါရီလတွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် တောင်ပိုင်းဒေသ ဓာတ်ငွေ့ဖြန့်ဖြူးရေးဆိုင်ရာအကြံပေးရေးကောင်စီ (Southern Gas Corridor Advisory Council) အစည်းအဝေးသို့တက်ရောက်ရန် ကိုယ်စားလှယ် ၃ ဦး စေလွှတ်သွားမည်ဖြစ်ကြောင်း Trend သတင်းဌာနက ဇန်နဝါရီလ ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ စေလွှတ်မည့်ကိုယ်စားလှယ် ၃ ဦးမှာ ခရိုအေးရှားနိုင်ငံ၏ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး ဌာနမှ အတွင်းရေးမှူး အိုင်ဗိုမီလာတစ် (Ivo Milatic)၊ ညွှန်ကြားရေးမှူးချုပ် ခရစ္စတီနားဆဲလစ် (Kristina Celic) နှင့် Plinacro ဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ၌ ဥရောပသမဂ္ဂရန်ပုံငွေဆိုင်ရာ စီးပွားရေးအဖွဲ့အကြီးအကဲ ဖလော်ရီဂျာနာဒီဒိုဗစ် (Florijana Dedovic) တို့ဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံရှိ ခရိုအေးရှားသံရုံးက ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်အရ ဥရောပအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသရှိနိုင်ငံများသို့ ဓာတ်ငွေ့များ ပို့ဆောင်ရန်အတွက် Trans Adriatic Pipeline (TAP) အစီအစဉ်နှင့် ချိတ်ဆက် ထားသည့် Ionian Adriatic Pipeline (IAP) စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးနှင့် ပတ်သက်၍ပြုလုပ်မည့် အစည်းဝေးတွင်လည်း ခရိုအေးရှားနိုင်ငံအနေဖြင့် ပါဝင်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment