Tuesday, January 25, 2022

NATO အဖွဲ့သည် အရှေ့ဥရောပဒေသသို့ သင်္ဘောများ၊ တိုက်လေယာဉ်များ စေလွှတ်ရန် စီစဉ်လျက်ရှိခြင်း

Webindia; Jan-24(Mon)

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organisation-NATO) အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားသည့် အရှေ့ဥရောပဒေသ၌ စစ်အင်အား ထပ်မံဖြည့်တင်းရန်အတွက် စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ထပ်မံပေးပို့သွားရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း NATO အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဂျင်စတိုတန်ဘာဂ့် (Jens Stoltenberg) က ပြောကြားထားသည်ဟု ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် NATO အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါ သည်။ ထို့ပြင် NATO အဖွဲ့အနေဖြင့် ထိုကဲ့သို့ အင်အားထပ်မံဖြည့်တင်းရန် စီစဉ်နေခြင်း သည် ယူကရိန်းနယ်စပ်အနီး ရုရှား၏ စစ်ရေးတိုးချဲ့တည်ဆောက်လာမှုအပေါ် ကာကွယ် တားဆီးနိုင်ရေးအတွက်ဖြစ်ကြောင်း၊ NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဒိန်းမတ်၊ စပိန်၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့အနေဖြင့် အရှေ့ဥရောပဒေသသို့ သင်္ဘောများ၊ လေယာဉ် များနှင့် တပ်ဖွဲ့ဝင်များပေးပို့ရန် စီစဉ်လျက်ရှိကြောင်းနှင့် အမေရိကန်နိုင်ငံသည်လည်း အရှေ့ပိုင်းမဟာမိတ်နိုင်ငံများရှိ ၎င်း၏စစ်ရေးတည်ရှိမှုအား အရှိန်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း စတိုတန်ဘာ့ဂ်က ပြောကြားထားသည်ဟု ၎င်းအစီရင်ခံစာတွင် ထပ်မံဖော်ပြထားပါသည်။

NATO အဖွဲ့အနေဖြင့် ဥရောပအရှေ့ပိုင်းရှိ မဟာမိတ်နိုင်ငံများအား ကာကွယ်ရန် အတွက် လိုအပ်သည့်အစီအမံများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် စုပေါင်းကာကွယ်ရေးလုပ်ငန်းများအား ပိုမိုခိုင်မာအောင် ဆောင်ရွက်ရေးအပါအဝင် မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးအား ထိခိုက်စေသော မည်သည့်ဆောင်ရွက်မှုကိုမဆို အမြဲတမ်းတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း စတိုတန်ဘာဂ့်က ပြောကြား ထားခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားခဲ့ပါသည်။ NATO အဖွဲ့သည် ၂၀၁၄ ခုနှစ်မတိုင်မီတွင် အရှေ့ဥရောပဒေသ၌ တပ်ဖြန့်ချထားမှုများ လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း ရုရှားက ခရိုင်းမီးယားဒေသအား သိမ်းပိုက်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစတင်ကာ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံတို့အပါအဝင် အရှေ့ပိုင်းရှိ မဟာမိတ်နိုင်ငံများတွင် စစ်ရေးတည်ဆောက်မှုများ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။


သုံးသပ်ချက်

အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့သည် ရုရှားနိုင်ငံအား ထိန်းချုပ်နိုင် ရေးအတွက် ရုရှားနှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသောနိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်အောင်ဆောင်ရွက်ကာ ရုရှား၏ အချုပ်အခြာအာဏာကျဉ်းမြောင်းစေရေး ကြိုးပမ်းဆောင်ရွက်လာခဲ့ပါသည်။ ထို့ကြောင့် ရုရှားသည် ၎င်း၏အမျိုးသားအကျိုး စီးပွားကို ကာကွယ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် အဓိကအရေးပါသော ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသအား ပိုင်နက်နယ်မြေအဖြစ် သိမ်းပိုက်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့သည် ယူကရိန်းနိုင်ငံအပေါ် စစ်ရေးထောက်ပံ့မှုများ၊ စစ်ဘက်နည်းပညာမျှဝေခြင်းများအပါအဝင် နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် ယူကရိန်း၏ ကြိုးပမ်းမှုများကိုလည်း အကူအညီများပေးအပ်လာခဲ့ပါသည်။ နေတိုးအဖွဲ့၏ဆောင်ရွက်မှု များအပေါ် တုံ့ပြန်နိုင်ရေးအတွက် ရုရှားနိုင်ငံသည် အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များထားရှိပြီး နျူကလီးယားလက်နက်တင် မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ်များ စေလွှတ်ခဲ့ပါသည်။ ထို့ပြင် ဘီလာရုဇ်နိုင်ငံအတွင်း ပူးပေါင်း စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ပြီး ရုရှား-ယူကရိန်းနယ်စပ်တွင် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ခန့် တပ်ဖြန့်ချထားခဲ့ပါသည်။ ရုရှားစစ်ဘက်သည် ဇန်နဝါရီလ ၁၁ ရက်မှစ၍ ယူကရိန်း နယ်စပ်အနီး ကျည်စစ်ကျည်မှန်များပါဝင်သော အကြီးစားစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဘီလာရုဇ်သို့ တိုက်ခိုက်ရေးလေယာဉ် ၁၂ စီးနှင့် လေကြောင်းရန် ကာကွယ်ရေး တပ်မ ၂ ခု၊ ဒုံးတပ်မ ၁ ခုတို့စေလွှတ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀ ရက်အတွင်း Determination of the Union 2022 ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါသည်။ ဘောလ်တစ်နိုင်ငံများဖြစ်သည့် အက်စတိုးနီးယား၊ လစ်သူရေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့မှလည်း အမေရိကန်နိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေးနှင့် မြေပြင်မှဝေဟင်ပစ် စစ်လက်နက်ပစ္စည်းများအား ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးအပ်ရန် ပြင်ဆင်လျက်ရှိပါသည်။ NATO အဖွဲ့သည် ရုရှား၏ အနောက်ဘက် နယ်စပ်တစ်ဝိုက် အင်အားတိုးချဲ့ချထားပြီး အမေရိကန်နျူကလီးယားလက်နက်အချို့ကို တပ်ဖြန့်ချထားရန်အထိ ဆောင်ရွက်ခဲ့ပါသည်။ ဗြိတိန်နိုင်ငံက ယူကရိန်းသို့ တာတိုပစ် ဒုံးကျည်များထောက်ပံ့ပြီး ဗြိတိန်လေ့ကျင့်ရေးတပ်ဖွဲ့များစေလွှတ်ပေးရန် စီစဉ်လျက် ရှိပါသည်။ NATO အဖွဲ့ကလည်း မက္ကဆီကိုနိုင်ငံမှ MI-17 ရဟတ်ယာဉ်များအား ယူကရိန်းနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း ပေးပို့မည်ဖြစ်ကြောင်း ပြောကြားလာပါသည်။ ဒိန်းမတ်နိုင်ငံသည် ဘောလ်တစ်ပင်လယ်သို့ ဖရီးဂိတ်စစ်သင်္ဘော ၁ စီး စေလွှတ်ခဲ့ပြီး လစ်သူရေးနီးယားနိုင်ငံရှိ နေတိုးအဖွဲ့၏ လေကြောင်းကင်းလှည့်ပျံသန်းရေးအဖွဲ့သို့ F-16 တိုက်လေယာဉ် ၄ စီး ပေးပို့ရန်စီစဉ်ထားကြောင်း သိရှိရပါသည်။ စပိန်နိုင်ငံ သည်လည်း နေတိုးအဖွဲ့၏ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်ရန် သင်္ဘောများအား စေလွှတ်လျက်ရှိပြီး ဘူလ်ဂေးရီးယားနိုင်ငံသို့ တိုက်ခိုက်ရေးဂျက်လေယာဉ်များ ပေးပို့ရန် စီစဉ်ထားသည်ကို တွေ့ရှိရပါသည်။ ပြင်သစ်နိုင်ငံသည် ရိုမေးနီးယားနိုင်ငံသို့ စစ်ဘက် တပ်ဖွဲ့ဝင်များစေလွှတ်ရန် အသင့်အနေထားတွင်ရှိကြောင်း ထုတ်ပြန်ထားပါသည်။ ရုရှားသည် အတ္တလန္တိတ်သမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ် တို့တွင် စစ်သင်္ဘော ၁၄၀ စီး၊ စစ်မှုထမ်း ၁၀,၀၀၀ ဦးပါဝင်သည့် ရေကြောင်းစစ်ရေး လေ့ကျင့်မှုကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နေတိုးတပ်ဖွဲ့သည် မြေထဲပင်လယ်အတွင်း Neptune Strike 22 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း ယူကရိန်းနိုင်ငံ၊ ကိယက်ဖ် (Kyiv) မြို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော အမေရိကန်သံရုံး ဝန်ထမ်းများ၏ မိသားစုဝင်များကို အဆိုပါနိုင်ငံမှထွက်ခွာရန် ညွှန်ကြားခဲ့ပြီး ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံသားများ ကိုလည်း ပုဂ္ဂလိကလေကြောင်း၊ သို့မဟုတ် အဆင်ပြေသည့်နည်းလမ်းများဖြင့် ၎င်းနိုင်ငံမှ ထွက်ခွာသင့်ကြောင်း ပြောကြားထားပါသည်။ ရုရှားအနေဖြင့် ယူကရိန်းအား ကျူးကျော်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ၎င်း၏ပိုင်နက်နယ်မြေအတွင်း တပ်ဖွဲ့ဝင်များကို ပြောင်းရွှေ့ ပိုင်ခွင့်၊ လေ့ကျင့်ပိုင်ခွင့်ရှိကြောင်း၊ အနောက်နိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွား တိုးမြှင့်စေရေးအတွက် ယူကရိန်းအား လက်နက်တစ်ခုသဖွယ် အသုံးချနေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zokharova) က ဇန်နဝါရီလ ၂၄ ရက်တွင် ပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး အရ တင်းမာလျက်ရှိသည့် ရုရှားနှင့်ယူကရိန်းနိုင်ငံအကြား အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများသည် စစ်မီးတောက်လောင်အောင် မီးအပြိုင်မွှေးနေကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment