Saturday, January 22, 2022

တူရကီစစ်ဘက်သည် မောင်းသူမဲ့တိုက်လေယာဉ်တင်ပို့ရောင်းချရေး ပထမဆုံး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

Trtworld;Jan-24(Mon)

တူရကီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီသည် Bayraktar Akinci အမျိုးအစား မောင်းသူမဲ့တိုက်လေယာဉ် (unmanned combat aerial vehicle-UCAV) တင်ပို့ရောင်းချရေးပထမဆုံးသဘောတူစာချုပ်နှင့် Bayraktar TB2 မောင်းသူမဲ့တိုက်လေယာဉ် များအား နိုင်ငံပေါင်း ၁၆ နိုင်ငံသို့တင်ပို့ရေးသဘောတူစာချုပ် ၂ ခုကို လက်မှတ်ရေးထိုး ခဲ့ကြောင်း SAHA Istanbul ကာကွယ်ရေးနှင့် လေကြောင်းနည်းပညာဆိုင်ရာအဖွဲ့နှင့် BAYKAR ကာကွယ်ရေးနည်းပညာကုမ္ပဏီတို့၏ ညွှန်ကြားရေးမှူးချုပ် ဟာလက်ဘေ ရက်တာ (Haluk Bayraktar) က ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အရ Bayraktar Akinci မောင်းသူမဲ့တိုက်လေယာဉ်များနှင့် မြေပြင် စနစ်များကို ၂၀၂၃ ခုနှစ်တွင် စတင်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဘေရက်တာက ဆက်လက်ပြောကြားခဲ့ပါသည်။ တူရကီကာကွယ်ရေးစက်မှုလုပ်ငန်းမှ တီထွင်ထုတ်လုပ် ထားသည့် မောင်းသူမဲ့လေယာဉ်များ (unmanned aerial vehicle-UAVs) နှင့် မောင်းသူမဲ့ တိုက်လေယာဉ်များ (UCAVs) သည် ပြည်တွင်းနှင့် နိုင်ငံတကာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အပြင် NATO နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၆၉ နိုင်ငံသို့လည်း တင်ပို့ထားပြီးဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြား ခဲ့ပါသည်။

တူရကီနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံ များသို့ ကာကွယ်ရေးပစ္စည်းများတင်ပို့ခြင်းသည် ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေး ဆိုင်ရာလှုပ်ရှားမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံကျသည့်ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်းနှင့် တူရကီကာကွယ်ရေးစက်မှုလုပ်ငန်းသည် ကမ္ဘာ့ကာကွယ်ရေးနှင့် လေကြောင်းပို့ကုန်စုစုပေါင်းတန်ဖိုး၏ ၁ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် အကြီးမားဆုံး အောင်မြင်မှုတစ်ခုရရှိထားခြင်းဖြစ်ကြောင်း ဘေရက်တာက ထပ်လောင်းပြောကြားခဲ့ပါ သည်။ တူရကီနိုင်ငံ၏ ကာကွယ်ရေးနှင့် အာကာသဆိုင်ရာလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် ပို့ကုန်တင်ပို့ရေးသဘောတူညီချက်များတိုးမြှင့်ရရှိခဲ့ခြင်းကြောင့် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် စံချိန်တင်ပေးပို့ခဲ့ပြီး ပို့ကုန်စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၂၂ ဘီလီယံအထိ ရောက်ရှိခဲ့ပါသည်။ တူရကီကာကွယ်ရေးစက်မှု လုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် ၎င်း၏စျေးကွက်တန်ဖိုးကိုတိုးမြှင့်ရန်နှင့် ကမ္ဘာ့ထိပ်တန်းတင်ပို့သည့် ၁၀ နိုင်ငံစာရင်းတွင်ပါဝင်နိုင်ရန် အဓိကရည်မှန်းထားလျက် ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment