Friday, February 18, 2022

တရုတ်၏ စီးပွားရေးဖိအားများနှင့် ရင်ဆိုင်နေရသည့် လစ်သူရေးနီယားနိုင်ငံ၏ စီပွားရေးဆိုင်ရာအလားအလာများ

 

သတင်းဆောင်းပါး

              လစ်သူရေးနီးယားနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ဗီလ်နီးယပ်စ် (Vilnius) မြို့တော်၌ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအား တရားဝင်ဖွင့်လှစ်ခွင့် ပေးခဲ့ပြီး ထိုကဲ့သို့ဖွင့်လှစ်ခြင်းသည် ဥရောပဒေသ၌ ထိုင်ဝမ်၏ပထမဆုံးသံတမန်ရေး ရုံးခန်းဖွင့်လှစ်မှု ဖြစ်လာခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံ၏ အထက်ပါကဲ့သို့ဖွင့်လှစ် ရန်ခွင့်ပြုမှုသည် တရုတ်အစိုးရ၏တရုတ်တစ်နိုင်ငံတည်းမူဝါဒ” (One China Policy) အပေါ် ဖီဆန်သည့်လုပ်ရပ်ဖြစ်ခြင်းကြောင့် လစ်သူရေးနီးယားနှင့် တရုတ်တို့အကြား သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခဲ့ရပါသည်။ ထို့ကြောင့် တရုတ်အစိုးရသည် လစ်သူရေးနီးယား၏ဆောင်ရွက်ချက်များကို လက်တုံ့ပြန်သည့်အနေဖြင့် သံတမန်ရေး နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးအဆင့်များကို လျှော့ချလာခဲ့ပြီး အရေးယူပိတ်ဆို့မှု များလည်း ချမှတ်ခဲ့ပါသည်။[1]

              တရုတ်နိုင်ငံသည် ၎င်း၏ အကောက်ခွန်စနစ်မှ လစ်သူရေးနီးယားနိုင်ငံ၏ အမည်အား ဖယ်ရှားခဲ့ခြင်းကြောင့် လစ်သူရေးနီးယားကုမ္ပဏီများသည် တရုတ်ဆိပ်ကမ်း များတွင် အခက်အခဲများနှင့်ရင်ဆိုင်လာရပါသည်။ လစ်သူရေးနီးယား ပို့ကုန်အများအပြား သည် တရုတ်ဆိပ်ကမ်းများတွင် သောင်တင်နေသဖြင့် စီးပွားရေးလုပ်ငန်းရှင်များ သည်လည်း ကုန်စည်ပို့ဆောင်မှုအတွက် မသေချာမရေရာသော အနာဂတ်နှင့် ရင်ဆိုင် လာရပါသည်။[2] ထို့ပြင် တရုတ်နိုင်ငံသည် လစ်သူရေးနီးယားနိုင်ငံသို့ ကုန်စည်ပို့ဆောင်မည့် ကုန်တင်ရထားများဖြင့် ပို့ကုန်တင်ပို့ခြင်းနှင့်သွင်းကုန်ခွင့်ပြုချက်များကိုလည်း ရပ်ဆိုင်း ခဲ့ပါသည်။ အလားတူ နှစ်နိုင်ငံသံတမန်အဆင့်လျှော့ချကာ ဗီဇာထုတ်ပေးခြင်းကိုလည်း ရပ်တန့်ခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍ၌ အဓိက မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏အချုပ်အခြာအာဏာကို ဝင်ရောက် စွတ်ဖက်ခြင်းဖြစ်ကြောင်း ယူဆလာသည့်အတွက် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု များကို လက်နက်သဖွယ်အသုံးပြု၍ ချမှတ်လာခြင်းဖြစ်ပါသည်။ [3]

              ထိုမျှသာမက တရုတ်နိုင်ငံသည် လစ်သူရေးနီးယားနှင့် စီးပွားရေးမလုပ်ရန် အခြားသောနိုင်ငံများမှ ကုမ္ပဏီများကိုပါချဉ်းကပ်လာခဲ့ပါသည်။ ထိုအခြေအနေတွင် ထိုင်ဝမ်သည် လစ်သူရေးနီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ရန်ပုံငွေထည့်ဝင်ခြင်း၊ ချေးငွေအစီအစဉ် အကောင်အထည်ဖော်ခြင်းနှင့်တရုတ်နိုင်ငံသို့တင်သွင်းရန် ထုတ်လုပ် ထားသည့် လစ်သူရေးနီးယားထုတ်ကုန်များအား ဝယ်ယူခြင်းဖြင့် ၎င်းအားအသိအမှတ် ပြုသော လစ်သူရေးနီးယားနိုင်ငံအပေါ် အကူအညီများပေးအပ်ခဲ့ပါသည်။ [4]

              တရုတ်၏စီးပွားရေးအရအရေးယူပိတ်ဆို့မှုများသည် ဥရောပသမဂ္ဂ၏ တစ်ခု တည်းသောဈေးကွက် (European Single Market) မှ အခြားပို့ကုန်များကိုလည်း ထိပါးစေနိုင်သဖြင့် လစ်သူရေးနီးယားနိုင်ငံအပေါ် ခွဲခြားဆက်ဆံသည့် ကုန်သွယ်မှုဆိုင်ရာ ကျင့်ထုံးများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံအား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization-WTO) ကန့်ကွက်ချက် တင်သွင်းခဲ့ပြီးနောက် အမေရိကန်၊ ဩစတြေးလျနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ကလည်း ဥရောပသမဂ္ဂနှင့် ပူးပေါင်း ပါဝင်လာခဲ့ပါသည်။ လက်ရှိတွင် ဥရောပကော်မရှင်သည် တရုတ်၏စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုအမျိုးအစားအမျိုးမျိုးကို သက်သေအထောက်အထားများ ပြုစုလျက်ရှိပြီး တရုတ်၏စည်းမျဉ်းချိုးဖောက်သည့် အစီအမံများကို WTO က တစ်စုတစ်စည်းတည်းနှင့် အမြန်ဆုံးအရေးယူဆောင်ရွက်သွားရန် မျှော်လင့်လျက်ရှိပါသည်။[5][6]

              လစ်သူရေးနီးယားနိုင်ငံအပေါ် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းတို့၏ ထောက်ခံ အားပေးမှုများရှိနေသော်လည်း လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်သော တရုတ်၏ အရေးယူပိတ်ဆို့မှုများအား လျှော့ချနိုင်သည့်အနေအထား မရှိ ကြောင်းကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ လစ်သူရေးနီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများမှာ လတ်တလောအခြေအနေအရ အချိန်ကာလအတိုင်းအတာ တစ်ခုထိ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

မှီငြမ်းကိုးကား

              Economictimes သတင်းဌာနတွင် ဖော်ပြပါရှိသော “China threatens Lithuania over Taiwan representative office opening” ဆောင်းပါးအား ဆီလျော်အောင် ရေးသားထားခြင်းဖြစ်ပါသည်။



[1] https://www.dw.com/en/china-boycotts-lithuania-over-taiwan/av-60711491

[2] https://thediplomat.com/2022/01/china-is-targeting-lithuania-the-eu-must-push-back/

[3] https://www.bbc.com/news/business-60343316

[4] https://www.lrt.lt/en/news-in-english/19/1593215/china-sanctions-vs-taiwan-investments-lithuania-s-central-bank-weighs-economic-impact

[5] https://www.reuters.com/world/britain-joins-eu-china-wto-challenge-over-lithuania-2022-02-07/

[6] https://abcnews.go.com/International/wireStory/australia-lithuania-unite-chinese-economic-coercion-82763018

No comments:

Post a Comment