RT;Feb-9(Wed)
ဗြိတိန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအနီးရှိ အက်စတိုးနီးယားနိုင်ငံ၌ ဗြိတိန်တပ်ဖွဲ့ဝင် များ တိုးမြှင့်ချထားနိုင်ရန်အတွက် အမေရိကန်ဦးဆောင်သည့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) သို့ ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း RT သတင်းဌာနက ဖေဖော်ဝါရီလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) သည် ဖေဖော်ဝါရီလ ၁၀ ရက် တွင် NATO အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျင်းစတိုတန်ဘာဂ့် (Jens Stoltenberg) နှင့်ပြုလုပ်မည့် အစည်းအဝေးတွင် ဗြိတိန်တော်ဝင်လေတပ် (Royal Air Force-RAF) မှ တိုက်လေယာဉ်များအား ဥရောပတောင်ပိုင်းနှင့် တော်ဝင်ရေတပ်စစ်သင်္ဘောများအား မြေထဲပင်လယ်အရှေ့ပိုင်းသို့ တပ်ဖြန့်ချထားမှုများပြုလုပ်နိုင်ရေး တောင်းဆိုသွားမည် ဖြစ်ပါသည်။ အဆိုပါအစည်းအဝေး၌ အသစ်တပ်ဖြန့်ချထားမည့် စစ်ဘက်တပ်ဖွဲ့ဝင်များ၊ စစ်လက်နက်များနှင့်ပတ်သက်၍ တရားဝင်တင်ပြတောင်းဆိုသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံ အနီး တပ်ဖြန့်ချထားမှုနှင့်စပ်လျဉ်း၍ NATO အဖွဲ့ဝင် မဟာမိတ်နိုင်ငံများအား ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အထက်ပါ ဗြိတိန်နိုင်ငံ၏ကမ်းလှမ်းချက်တွင် NATO အဖွဲ့၏ ရှေ့တန်းစစ်မျက်နှာ များကို ထောက်ပံ့ရန်အတွက် အက်စတိုးနီးယားနိုင်ငံ၌ထားရှိသည့် ဗြိတိန်တပ်ဖွဲ့ဝင် အရေအတွက်ကို နှစ်ဆတိုးမြှင့်ခြင်းအပါအဝင် NATO အဖွဲ့၏ အရှေ့တောင်ထောင့်ရှိ ပင်လယ်ပြင်နှင့် ဝေဟင်များကို ကာကွယ်ရန်အတွက် ဥရောပတောင်ပိုင်း၌ RAF တိုက်လေယာဉ်အုပ်များ တပ်ဖြန့်ချထားခြင်းအပြင် မြေထဲပင်လယ်အရှေ့ပိုင်းသို့ HMS Trent နှင့် Type 45 Destroyer အမျိုးအစား စစ်သင်္ဘောများစေလွှတ်ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါသည်။ ပိုလန်နှင့် အက်စတိုးနီးယားရှိ ဗြိတိန်တပ်ဖွဲ့ဝင်များနှင့် အက်စတိုးနီးယားနိုင်ငံသို့ လာမည့်သီတင်းပတ်များအတွင်း ထပ်မံရောက်ရှိလာမည့် ဗြိတိန်တပ်ဖွဲ့ဝင်များသည် ရုရှား၏ ရန်လိုသည့်လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပိုလန်နှင့် အခြားသော အရှေ့ဥရောပဒေသနိုင်ငံများကို အကူအညီများပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ဗြိတိန်နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင် ဦးရေ ၁,၀၀၀ ကျော်ကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များဖြစ်ပေါ်ပါက မဟာမိတ်နိုင်ငံများကို ကူညီထောက်ပံ့နိုင်ရန်အတွက် နိုင်ငံအတွင်း အသင့်အနေထားဖြင့် ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment