ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်
လေ့လာခြင်း
( ရိုမေးနီးယားနိုင်ငံ )
နိဒါန်း
ရိုမေးနီးယားနိုင်ငံသည်
ဥရောပအရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မြို့တော်မှာ Bucharest ဖြစ်သည်။ မြောက်ဘက်တွင် ယူကရိန်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင်
မိုဒိုဗာနိုင်ငံ၊ အရှေ့ တောင်ဘက်တွင် ပင်လယ်နက်၊ တောင်ဘက်တွင် ဘူဂေးရီးယားနိုင်ငံ၊
အနောက်တောင်ဘက်တွင် ဆာဘီးယားနိုင်ငံနှင့် အနောက်ဘက်တွင်
ဟန်ဂေရီနိုင်ငံတို့နှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ စတုရန်းကီလိုမီတာ ၂၃၈,၃၉၇ ကျယ်ဝန်းပြီး လူဦးရေအားဖြင့် ၂၁ သန်းကျော် နေထိုင်လျက်ရှိသည်။
နိုင်ငံ့လူဦးရေ၏
ဆယ်ပုံ ကိုးပုံခန့်သည် ရိုမေးနီးယန်းတိုင်းရင်းသားလူမျိုးများ ဖြစ်သည်။ နိုင်ငံ အနောက်မြောက်ပိုင်းရှိ
Transylvania ဒေသတွင် အများစုနေထိုင်ကြသော ဟန်ဂေရီ တိုင်းရင်းသား လူမျိုးများလည်း
အများအပြားရှိသည်။ ရိုမာန်ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် သတ်မှတ်ထား သော်လည်း Daco-Romanian ဘာသာစကားကိုသာ အများဆုံးအသုံးပြုသည်။
အခြားသော ဘာသာ စကားအနေဖြင့် ဟန်ဂေရီဘာသာစကားအား လူဦးရေတစ်သန်းကျော်
အသုံးပြုပြောကြားလျက်ရှိ သည်။
၁၉၄၄ ခုနှစ်တွင် ဆိုဗီယက်၏သိမ်းပိုက်ခြင်းခံခဲ့ရပြီးနောက်
၁၉၄၈ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စု ( Union
of Soviet Socialist Republics – U.S.S.R ) ၏ လက်အောက်ခံ
နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၄၈
ခုနှစ်မှ ၁၉၈၉ မတိုင်မီအထိ ကွန်မြူနစ်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည်။ လွတ်လပ်သော
ရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် North
Atlantic Treaty Organization (NATO) အဖွဲ့သို့
ဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံ
တစ်နိုင်ငံဖြစ်လာခဲ့သည်။
ရိုမေးနီးယားနိုင်ငံ၏
အုပ်ချုပ်ရေးယန္တရားကို ခရိုင်အဆင့်တွင် စီရင်စု ၄၁ စုနှင့် ပြည်ထောင်စု နယ်မြေ ၁
ခု ( Bucharest )၊ မြို့နယ်အဆင့်တွင် မြို့နယ် (
Municipalities ) ၁၀၃ ခု ၊ မြို့ ( Cities ) ၂၁၇
ခု နှင့် မြို့နယ်ခွဲ ( Communes ) ၂,၈၆၁
ခု ဖွဲ့စည်း၍ အုပ်ချုပ်လျက်ရှိသည်။ မြို့နယ်ခွဲများ အောက်တွင် ကျေးရွာအုပ်စု ၁၂,၉၅၇ အုပ်စုပါဝင်သော်လည်း ကျေးရွာအုပ်စုအဆင့်တွင် အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်း
ထားရှိခြင်းမရှိပေ။ သို့သော် ပြည်ထောင်စုနယ်မြေ ( Bucharest ) တွင် နယ်မြေ ခြောက်ခုပိုင်းခြားထားပြီး နယ်မြေအလိုက်
အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိသည်။
၁၉၉၁ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် တိုင်းပြည်၏အကြီးအကဲဖြစ်ပြီး
ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲ ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၊
အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဟူ၍ မဏ္ဍိုင်ကြီး ၃ ရပ်ဖြင့် အာဏာခွဲဝေကျင့်သုံးသည်။
ဥပဒေပြုရေးအာဏာကို ပါလီမန်လွှတ်တော်တွင် အပ်နှင်းထားသည်။ ပါလီမန်လွှတ်တော်
(Parlamentul
României)
ကို အောက်လွှတ်တော် ( Camera Deputaţilor ) နှင့် အထက်လွှတ်တော် ( Senatul) တို့ဖြင့် ဖွဲ့စည်းထားသည်။
လွှတ်တော် ၂ ရပ်လုံးအတွက် ကိုယ်စားလှယ်များကို
အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။ အောက်လွှတ်တော်ဖြစ်သော
( Camera
Deputaţilor)
တွင် ကိုယ်စားလှယ် ၃၃၀ ဦး ပါဝင်ပြီး သက်တမ်းအနေဖြင့် ၄
နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အထက်လွှတ်တော်ဖြစ်သော (Senatul)
တွင် ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်ပြီး သက်တမ်းအနေဖြင့် ၄ နှစ်
တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ လွှတ်တော် ၂ ရပ်ရှိ ကိုယ်စားလှယ်ဦးရေအား ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲပြီးနောက်
ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အုပ်ချုပ်ရေးမဏ္ဍိုင်
ရိုမေးနီးယားနိုင်ငံတွင် အုပ်ချုပ်ရေးအာဏာကို
သမ္မတနှင့် ဝန်ကြီးချုပ်ဦးဆောင်သည့်
အစိုးရ အဖွဲ့အကြား ခွဲဝေကျင့်သုံးသည်။ တိုင်းပြည်၏အကြီးအကဲဖြစ်သည့် သမ္မတသည်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်သည်။ သမ္မတသည်
ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းရာတွင် လွှတ်တော်တွင်းကိုယ်စားလှယ်နေရာအများအပြား ရရှိထားသည့် နိုင်ငံရေးပါတီနှင့်သော်လည်းကောင်း၊
ကိုယ်စားလှယ်နေရာအများအပြားအနိုင်ရရှိသည့် နိုင်ငံရေးပါတီမရှိပါက
နိုင်ငံရေးပါတီအားလုံးနှင့် သော်လည်းကောင်း ညှိနှိုင်း၍ လွှတ်တော်သို့တင်သွင်းနိုင်သည်။
ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် များအား ရွေးချယ်အဆိုပြုနိုင်ပြီး
ယင်းအဆိုပြုချက်ကို လွှတ်တော်တွင် မဲခွဲ အတည်ပြုပေးသည်။
တရားစီရင်ရေးမဏ္ဍိုင်
ရိုမေးနီးယားနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို တရားမဆိုင်ရာဥပဒေနှင့်အညီ
အဆင့်ဆင့်သော တရားရုံးများဖြင့် ဖွဲ့စည်းကျင့်သုံးပြီး တရားစီရင်ရေးအာဏာကို ယင်းတရားရုံးများတွင်
အပ်နှင်းထား သည်။ တရားမတရားရုံးများကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားသည် -
-
တရားလွှတ်တော်ချုပ်
( High Court of Cassation and Justice )
-
အယူခံတရားရုံး
၁၅ ရုံး
-
စီရင်စုဆိုင်ရာတရားရုံး
၄၁ ရုံးနှင့် Bucharest Municipal တရားရုံး
-
ဒေသဆိုင်ရာတရားရုံး
၁၈၈ ရုံး
တရားလွှတ်တော်ချုပ်သည် အမြင့်ဆုံးသော
တရားရေးအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီး များအား တရားသူကြီးချုပ်များကောင်စီ၏
ထောက်ခံချက်ဖြင့် တရားသူကြီးချုပ်မှ ခန့်အပ်သည်။ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်မှခန့်အပ်ထားသော
တရားသူကြီးများအား ဖယ်ရှားပိုင်ခွင့် မရှိပေ။ တရားသူကြီးချုပ်နှင့်
တရားသူကြီးများသည် သက်တမ်းအားဖြင့် ၆ နှစ် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး
နောက်တစ်ကြိမ်သက်တမ်းကိုလည်း တစ်ဆက်တစ်စပ်တည်း ထမ်းဆောင်ခွင့်ရှိသည်။
လူ့အဖွဲ့အစည်း၏ အထွေထွေအကျိုးစီးပွားကို ကိုယ်စားပြုပြီး
တရားဥပဒေစိုးမိုးရေး အပါ အဝင် နိုင်ငံသားများ၏ရပိုင်ခွင့်နှင့်
လွတ်လပ်ခွင့်များကို အကာအကွယ်ပေးထားသည့် တရားရေး ဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားသည်။
တရားရေးဝန်ကြီးဌာနသည် လွတ်လပ်၍ ဘက်မလိုက်သော အစိုးရရှေ့နေများမှတစ်ဆင့်
၎င်း၏အာဏာကို ကျင့်သုံးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုလည်း
ဖွဲ့စည်းထားရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို
စီရင်ဆုံးဖြတ်သည်။
ရွေးကောက်ပွဲများကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့အစည်း နှစ်ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပထမအဖွဲ့အစည်းမှာ
အမြဲတမ်းဖွဲ့စည်းထားသည့်
အဖွဲ့အစည်းဖြစ်သော ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ( Permanent Electoral Authority – PEA ) ဖြစ်သည်။
ဒုတိယအဖွဲ့အစည်းမှာ ရွေးကောက်ပွဲတစ်ခုချင်းစီအလိုက် ရည်ရွယ် ဖွဲ့စည်းထားသော
အုပ်ချုပ်မှုအဆင့်သုံးဆင့်ရှိ ရွေးကောက်ပွဲရုံးများ ဖြစ်သည်။ ၎င်းတို့မှာ ဗဟို
ရွေးကောက်ပွဲရုံး ( Central
Election Bureau - CEB ) ၊ မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး ( Constituency
Election Bureaus – BECs ) နှင့် မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး
( Polling Station Election
Bureaus - BESVs ) တို့ ဖြစ်သည်။
ဗဟိုရွေးကောက်ပွဲရုံး ( CEB )
၏အုပ်ချုပ်မှုအောက်တွင် မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး ( BECs ) ၄၁ ရုံး၊ မြို့တော် Bucharest ရှိ ရွေးကောက်ပွဲရုံး ၁ ရုံး၊ နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက်
ရွေးကောက်ပွဲရုံး ၁ ရုံး နှင့် မဲပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ရသည့်
မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး (BESVs) ၁၈,၈၀၀ ရုံးတို့ ထားရှိဆောင်ရွက်လျက်ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း
( PEA ) ကို လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးမှတစ်ဆင့် ခန့်အပ်ထားသည့်
ဥက္ကဋ္ဌက အကြီးအကဲအဖြစ်တာဝန်ယူ၍ ဒုတိယဥက္ကဋ္ဌ ၂ ဦး ဖြင့်
လုပ်ငန်းများတာဝန်ယူဆောင်ရွက်သည်။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ၂ ဦးတို့သည်
နိုင်ငံရေးပါတီ တစ်ခုခု၏ ပါတီဝင်မဟုတ်သူများဖြစ်ရမည်ဖြစ်ပြီး သက်တမ်းအားဖြင့် ၈
နှစ် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသည်။ ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ( PEA ) သည် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများအား
အထောက်အကူဖြစ်စေမည့် အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်း၊
မဲဆန္ဒရှင်စာရင်းပြုစုခြင်းအား ကြီးကြပ်ခြင်း၊ မဲဆန္ဒရှင်အသိပညာပေးအစီအစဉ်များအား
စီစဉ် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးပါတီများနှင့်မဲဆွယ်စည်းရုံးရေးအသုံးစရိတ်များကို
ကြီးကြပ်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်းတို့ကို
တာဝန်ယူဆောင်ရွက်သည်။
ဗဟိုရွေးကောက်ပွဲရုံး ( CEB ) ကို တရားလွှတ်တော်ချုပ် ( High
Court of Cassation and Justice ) မှ တရားသူကြီး ၅ ဦး၊
ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ( PEA ) ၏ ဥက္ကဋ္ဌ
နှင့် ဒုတိယဥက္ကဋ္ဌ ၂ ဦး၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်သူများ
သို့မဟုတ် လွှတ်တော်တွင်းရှိ ပါတီများမှ ၁၂ ဦးထက်မပိုသော ကိုယ်စားလှယ်များဖြင့်
ဖွဲ့စည်းထားသည်။ ဗဟိုရွေးကောက်ပွဲရုံး
( CEB ) နှင့် အဆင့်ဆင့်သော
ရွေးကောက်ပွဲရုံးများအကြားဆောင်ရွက်သည့် အစည်းအဝေးများ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို
အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ပေးလေ့ရှိသည်။ ဗဟို ရွေးကောက်ပွဲရုံး ( CEB
) သည် ရွေးကောက်ပွဲဖြစ်စဉ်များကို ကြီးကြပ်ခြင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲရုံးများမှတင်သွင်းလာသည့်
အယူခံမှုများကို စစ်ဆေးဆုံးဖြတ်ခြင်းနှင့် ရွေးကောက်ပွဲ အပြီးသတ်ရလဒ်များ ရေတွက်ခြင်းတို့ကို
တာဝန်ယူဆောင်ရွက်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အတွက် ဗဟိုရွေးကောက်ပွဲရုံး ( CEB
) ကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး ( BECs ) ကို တရားသူကြီး ၃ ဦး ၊
ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ( PEA ) မှ
ကိုယ်စားလှယ် ၁ ဦး ၊ နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းပါတီများနှင့်
သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဥပဒေအရ
ခွင့်ပြုထား သော တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြုအဖွဲ့အစည်းများမှ ၁၁
ဦးထက်မပိုသော ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။
မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး
( BESVs ) ကို ရာဇဝတ်တရားသူကြီး သို့မဟုတ် ဥပဒေပညာရှင်
ဖြစ်သော ဥက္ကဋ္ဌ ၁ ဦး နှင့် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းထားပြီး သတ်မှတ်ထားသည့် အနည်းဆုံး အဖွဲ့ဝင် ဦးရေမှာ ၅ ဦး
ဖြစ်သည်။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် အရည်အချင်း ပြည့်မီပြီး
သက်ဆိုင်ရာ သင်တန်းတက်ရောက်ပြီးဖြစ်သော ရွေးကောက်ပွဲကျွမ်းကျင်သူများအနက်မှ
အလှည့်ကျရွေးချယ်ခြင်း ဖြစ်သည်။
နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက်
ရွေးကောက်ပွဲရုံးကို ဥက္ကဋ္ဌ ၁ ဦး နှင့် အဖွဲ့ဝင် အများဆုံး ၈ ဦး တို့ဖြင့်
ဖွဲ့စည်းထားသည်။ နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံးသည်
မဲရုံဆိုင်ရာ ရွေးကောက်ပွဲရုံး ( BESVs ) ဥက္ကဋ္ဌများအတွက်
သင်တန်းများပို့ချခြင်းနှင့် မဲပေးခြင်း ဆောင်ရွက်ချိန် တွင်
မဲရုံအဆင့်၌ပေါ်ပေါက်သည့် အယူခံမှုများကို စစ်ဆေးဆုံးဖြတ်ခြင်းအပါအဝင်
စီရင်စုအဆင့်ရှိ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲသည်။
နိုင်ငံပြင်ပမဲရုံဆိုင်ရာရွေးကောက်ပွဲရုံးများကို
သံတမန်ရေးရာတာဝန်ရှိသူမှ ခန့်အပ်ထားသည့် ဥက္ကဋ္ဌ ၁ ဦး နှင့် ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်သည့်သူများ သို့မဟုတ် လွှတ်တော်တွင်းရှိ ပါတီများမှရွေးချယ်ထားသည့်
ကိုယ်စားလှယ် ၂ ဦးမှ ၆ ဦးအကြား ပါဝင်၍ ဖွဲ့စည်းထားသည်။
ကျင်းပပြုလုပ်သည့်ရွေးကောက်ပွဲများ
ရိုမေးနီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော
ရွေးကောက်ပွဲများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် -
-
သမ္မတရွေးကောက်ပွဲ၊
-
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ၊
-
ဥရောပပါလီမန်ရွေးကောက်ပွဲ၊
-
ဒေသန္တရရွေးကောက်ပွဲများ။
သမ္မတရွေးကောက်ပွဲ
သမ္မတရွေးကောက်ပွဲကို အဆင့် ၂ ဆင့်ဖြင့် ကျင်းပပြုလုပ်သည်။
ပထမအဆင့်ယှဉ်ပြိုင်မှုတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်
ကိုယ်စားလှယ်လောင်းတစ်ဦးဦးအနေဖြင့် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းထက်
ကျော်လွန်ရရှိပါက ၎င်းကိုယ်စားလှယ်လောင်းကို အနိုင်ရရှိသူအဖြစ် ကြေညာသည်။ သို့သော်
ပထမ အဆင့်ယှဉ်ပြိုင်မှုတွင် မည်သည့်ကိုယ်စားလှယ်လောင်းမျှ ထောက်ခံမဲ ၅၀
ရာခိုင်နှုန်းထက် ကျော်လွန် ရရှိခြင်းမရှိပါက ထောက်ခံမဲအများဆုံးရရှိခဲ့သည့်
ကိုယ်စားလှယ်လောင်း ၂ ဦးဖြင့် ဒုတိယအဆင့် ယှဉ်ပြိုင်မှုကို ဆက်လက်ဆောင်ရွက်သည်။
ဒုတိယအဆင့်ယှဉ်ပြိုင်မှုတွင် ထောက်ခံမဲအများဆုံး ရရှိ သူအား အနိုင်ရရှိသူအဖြစ်
ကြေညာသည်။
သမ္မတသက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ ၁၉၉၂ ခုနှစ်နှင့် ၂၀၀၄
ခုနှစ်အကြားတွင် သမ္မတ သက်တမ်းကို ၄ နှစ် သတ်မှတ်ထားခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီးနောက်
ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ မည်သူမဆို သမ္မတ သက်တမ်း ၂ ကြိမ်ထပ်ပို၍
ထမ်းဆောင်ခွင့်မရှိပေ။
သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည် အောက်ဖော်ပြပါ အရည်အချင်း
သတ်မှတ်ချက် များနှင့် ပြည်စုံသူများဖြစ်ရမည် -
( က ) ရိုမေးနီးယားနိုင်ငံသားဖြစ်သူ၊
( ခ ) ရွေးကောက်ပွဲကျင်းပမည့်နေ့တွင်
အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
( ဂ ) ၁၉၉၁
ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးချိန်မှစ၍ ၁၉၉၂ ခုနှစ်နောက်ပိုင်း သမ္မတသက်တမ်း ၂
ကြိမ်ထမ်းဆောင်ဖူးခြင်း မရှိသူ။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ
အောက်လွှတ်တော်ကို ကိုယ်စားလှယ် ၃၃၀ ဦးဖြင့်
ဖွဲ့စည်းထားပြီး အထက်လွှတ်တော်ကို ကိုယ်စားလှယ် ၁၃၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
အထက်လွှတ်တော်အတွက်ကိုယ်စားလှယ် ၁၃၆ ဦးကို
အချိုးကျကိုယ်စားပြုစနစ် Party-List
Proportional Representation အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။ စီရင်စု
၄၁ စုတွင် မဲဆန္ဒနယ် ၄၃ နယ်သတ်မှတ်ပြီး
ကိုယ်စားလှယ်နေရာ ၁၂၁ နေရာ၊ ပြည်ထောင်စုနယ်မြေ( Bucharest ) မဲဆန္ဒနယ်တွင်
ကိုယ်စားလှယ်နေရာ ၁၃ နေရာ၊ နိုင်ငံပြင်ပတွင်နေထိုင်သည့် မဲဆန္ဒရှင်များအတွက် မဲဆန္ဒနယ်တွင်
ကိုယ်စားလှယ်နေရာ ၂ နေရာ သတ်မှတ်ထားသည်။
အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၃၀ ဦးကို
အချိုးကျကိုယ်စားပြုစနစ် အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။
စီရင်စုအပေါ်အခြေခံသတ်မှတ်ထားသည့် မဲဆန္ဒနယ် ၄၂ နယ်နှင့် ပြည်ထောင်စုနယ်မြေ ( Bucharest ) မဲဆန္ဒနယ်တို့တွင်
ကိုယ်စားလှယ် ၃၀၈ ဦးကိုလည်းကောင်း၊ နိုင်ငံပြင်ပရောက်ရှိနေသူများအတွက်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၄ ဦးကိုလည်းကောင်း
အသီးသီး ရွေးကောက်တင်မြှောက်သည်။ ကျန်ကိုယ်စားလှယ်နေရာ ၁၈ နေရာကို
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လူနည်းစုတိုင်းရင်းသားလူမျိုးစုများအား
ခွဲဝေပေးသည်။ ခွဲဝေပေးရာတွင် ၎င်းတို့အတွက် သီးသန့်သတ်မှတ်ပေးထားသည့် အနည်းဆုံး ရရှိရမည့် ဆန္ဒမဲအရေအတွက် အထူးသတ်မှတ်ချက်ဖြစ်သော
ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိရန်အတွက် လိုအပ်သည့်ခိုင်လုံမဲ အရေအတွက်၏ ၅
ရာခိုင်နှုန်းရရှိထားသည့် ကိုယ်စားလှယ် လောင်းများအား
ခွဲဝေပေးသည်။
ဥရောပပါလီမန်
ပထမဆုံးအကြိမ်အဖြစ် ရိုမေးနီးယားနိုင်ငံသားတို့သည်
ဥရောပပါလီမန်အတွက် ၎င်းတို့ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်များကို ၂၀၀၇ ခုနှစ်
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက် တင်မြှောက်ခွင့်ရရှိခဲ့သည်။ ရိုမေးနီးယားနိုင်ငံတစ်နိုင်ငံလုံးအား
မဲဆန္ဒနယ်မြေတစ်ခုအဖြစ် သတ်မှတ် ၍ ဥရောပပါလီမန်ကိုယ်စားလှယ် ၃၃ ဦးအား
ရွေးကောက်တင်မြှောက်သည်။ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ဖြစ်သော Closed Party List Proportional Representation ကိုအသုံးပြုဆောင်ရွက်ခြင်းဖြစ်ပြီး အနည်းဆုံးရရှိရမည့် ထောက်ခံမဲအရေ အတွက် ( Threshold ) ကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ဒေသန္တရရွေးကောက်ပွဲများ
မြို့တော်ဝန်ရွေးကောက်ပွဲတွင်
အများဆုံးရသူအနိုင်ယူစနစ် ( Fast Past the Post – FPTP ) ကို
အသုံးပြုဆောင်ရွက်ခြင်းဖြစ်သည်။ ဆန္ဒမဲအများဆုံးရရှိသူအား မြို့တော်ဝန်အဖြစ်
ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သည်။
စီရင်စုကောင်စီဥက္ကဋ္ဌရွေးချယ်ရာတွင် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း အများဆုံးရသူ အနိုင်ယူစနစ် ( Fast Past the Post – FPTP ) ကို အသုံးပြုခဲ့သည်။ ၂၀၀၈ ခုနှစ်မတိုင်မီနှင့် ၂၀၁၆
ခုနှစ်နောက်ပိုင်းတွင်မူ စီရင်စုကောင်စီတစ်ခုချင်းစီအလိုက် ဥက္ကဋ္ဌများကို တိုက်ရိုက်မဟုတ်သော
နည်းလမ်းများဖြင့် ရွေးချယ်ခဲ့သည်။
ဒေသဆိုင်ရာနှင့် စီရင်စုကောင်စီရွေးကောက်ပွဲများတွင်
အချိုးကျကိုယ်စားပြုစနစ် တစ်ခု ဖြစ်သော Closed
Party List Proportional Representation ကို အသုံးပြုပြီး
အနည်းဆုံးရရှိရမည့် ထောက်ခံမဲအရေအတွက် ( Threshold ) ကို သက်ဆိုင်ရာမဲဆန္ဒနယ်
အလိုက် ၅ ရာခိုင်နှုန်း သတ်မှတ် ထားသည်။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများတွင်
ပြောင်းလဲကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲနည်းစနစ်များ
၁၉၉၀ - ၁၉၉၁
Multi Member စနစ်ကို အသုံးပြုပြီး မဲဆန္ဒနယ်
၄၁ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၉၅ နေရာကို ရွေးကောက်တင်မြှောက်သည်။
အနည်းဆုံးရရှိရမည့်ဆန္ဒမဲအရေအတွက် သတ်မှတ်ထား ခြင်းမရှိပေ။
၁၉၉၂ - ၁၉၉၉
မဲဆန္ဒနယ် ၄၂ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၂၅ နေရာကို
ရွေးကောက်တင်မြှောက်သည်။ နေထိုင်သည့်လူဦးရေအချိုးအစားအလိုက် ကိုယ်စားလှယ်နေရာခွဲဝေသတ်မှတ်သည်။
အနည်းဆုံး ရရှိရမည့် ဆန္ဒမဲအရေအတွက်ကို သုံးရာခိုင်နှုန်းအဖြစ် စတင်သတ်မှတ်ခဲ့သည်။
ညွန့်ပေါင်း အစုအဖွဲ့အများဖြစ်ပါက ပူးပေါင်းသည့်ပါတီ တစ်ပါတီလျှင် တစ်ရာခိုင်နှုန်း
တိုးမြှင့်သတ်မှတ်ခဲ့သည်။ ခရိုင်အဆင့်တွင် Hare
ပုံသေနည်း အသုံးပြု တွက်ချက်ပေးခြင်းဖြစ်ပြီး
ကျန်ရှိသည့်နေရာများကိုမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုခြင်းမရှိသော ဆန္ဒမဲလက်မှတ်များအပေါ်တွင်
မူတည်ပြီး D’Hondt ပုံသေနည်းအသုံးပြု၍ တွက်ချက်သည်။
၂၀၀၀ - ၂၀၀၄
မဲဆန္ဒနယ် ၄၂ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၂၇ နေရာကို
ရွေးကောက်တင်မြှောက်သည်။ အနည်းဆုံးရရှိရမည့်ဆန္ဒမဲအရေအတွက် ( Threshold ) ကို ငါးရာခိုင်နှုန်းသတ်မှတ်ခဲ့ပြီး
မည်သည့် ပါတီ နှစ်ပါတီမဆို ညွန့်ပေါင်းဖွဲ့စည်းခဲ့ပါက
အနည်းဆုံးရရှိရမည့်ဆန္ဒမဲအရေအတွက် ( Threshold ) ကို သုံးရာခိုင်နှုန်း
ထပ်လောင်းတိုးမြှင့်သတ်မှတ်ခဲ့သည်။ ညွန့်ပေါင်းအဖွဲ့အစည်းအတွင်း ပါတီများ
ထပ်တိုးဖွဲ့စည်းခဲ့ပါက ပါတီတစ်ပါတီလျှင် တစ်ရာခိုင်နှုန်းဖြင့် အများဆုံး ၁၀
ရာခိုင်နှုန်းအထိ Threshold ကို သတ်မှတ်ထားသည်။
နောက်ပိုင်းတွင် အနည်းဆုံးရရှိရမည့်ဆန္ဒမဲအရေအတွက် ( Threshold ) ကို သုံးရာခိုင်နှုန်းသို့
လျော့ချခဲ့ပြီး ညွန့်ပေါင်းအဖွဲ့အစည်းများအတွင်း ထပ်တိုး ဖွဲ့စည်းသည့်ပါတီ တစ်ပါတီလျှင်
တစ် ရာခိုင်နှုန်းဖြင့် Threshold ကို အများဆုံး ရှစ်ရာခိုင်နှုန်းအထိ
ပြင်ဆင်သတ်မှတ်ခဲ့သည်။ လူနည်းစု တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်စားလှယ်နေရာ
၁၈ နေရာကို ခွဲဝေသတ်မှတ်ပေးခဲ့သည်။ Hungarians လူမျိုးစုမှလွဲ၍
တိုင်းရင်းသားလူနည်းစု တစ်မျိုးမျိုးအား ကိုယ်စားပြုဖွဲ့စည်းထားသည့်
တရားဝင်အဖွဲ့အစည်းတစ်ခုခုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခိုင်လုံမဲ ငါးရာခိုင်နှုန်း
ရရှိထား သော်လည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အနည်းဆုံး တစ်နေရာ
ရရှိထားခြင်းမရှိပါက သတ်မှတ်ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိခွင့် ရှိသည်။
၂၀၀၄ နောက်ပိုင်း
ရောစပ်အချိုးကျကိုယ်စားပြုစနစ် ( Mixed Member Proportional – MMP ) ကို
အသုံးပြု သည်။ ထို့အတွက်ကြောင့် မဲဆန္ဒရှင်တိုင်းသည်
ကိုယ်စားလှယ်တစ်ဦးချင်းစီအတွက် ဆန္ဒပြု ရွေးချယ် ပေးပြီး ဆန္ဒမဲစုစုပေါင်း ၅၀
ရာခိုင်နှုန်းထက်ကျော်လွန်ရရှိသော ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်တင်မြှောက်ခံရသည်။ ရွေးကောက်တင်မြှောက်ခံရခြင်းမရှိသေးသည့်
ကိုယ်စားလှယ်လောင်း များရရှိထားသောဆန္ဒမဲများကို အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်တွက်ချက်သည်။ ကျန်ရှိနေသည့်ကိုယ်စားလှယ်နေရာများကို
နိုင်ငံရေးပါတီများအကြား ၎င်းတို့ရရှိသည့် ဆန္ဒမဲအရေအတွက် အချိုးအစားပေါ်တွင်
မူတည်၍ ခွဲဝေပေးသည်။
နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ရရှိရမည့်
ခွဲဝေနေရာထက်ပို၍ ကိုယ်စားလှယ်နေရာ အနိုင် ရရှိထားပါက ယင်းနေရာများကို Overhand Seat ဟု ခေါ်ဆိုသတ်မှတ်သည်။ အချိုးကျ
ကိုယ်စားပြုမှုအတွက် အနည်းဆုံးရရှိရမည့် ထောက်ခံမဲအရေအတွက် ( Threshold ) ငါးရာခိုင်နှုန်း ရရှိမှသာလျှင် ကိုယ်စားလှယ်နေရာ ရရှိခွင့်ရှိမည်။
သို့သော် Threshold ငါးရာခိုင်နှုန်း ပြည့်မီခြင်း မရှိသော်လည်း
အောက်လွတ်တော်ရှိ မဲဆန္ဒနယ် အနည်းဆုံး ခြောက်နယ် သို့မဟုတ် အထက် လွှတ်တော်ရှိ
မဲဆန္ဒနယ် အနည်းဆုံး သုံးနယ်၌ အနိုင်ရရှိပါက ကိုယ်စားလှယ်နေရာရရှိခွင့်ရှိသည်။
ညွန့်ပေါင်းအစုအဖွဲ့များအတွက်မူ ပါတီအရေအတွက်ပေါ်မူတည်၍ အနည်းဆုံးရရှိရမည့် ထောက်ခံမဲ
အရေအတွက် ( Threshold ) အား ရှစ်ရာခိုင်နှုန်းမှ
၁၀ အကြား သတ်မှတ်ထားသည်။ ညွန့်ပေါင်းအစု အဖွဲ့တွင် ပါတီ နှစ်ပါတီပါဝင်ပါက ရှစ်ရာခိုင်နှုန်းဟုလည်းကောင်း၊
ပါတီ သုံးပါတီ ပါဝင်ပါက ကိုး ရာခိုင်နှုန်းဟု လည်းကောင်း၊ ပါတီ လေးပါတီနှင့်အထက်ပါဝင်ပါက
၁၀ ရာခိုင်နှုန်းဟုလည်းကောင်း သတ်မှတ်ထားသည်။
လက်ရှိကာလ
လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသော တိုက်ရိုက်လျှို့ဝှက်မဲပေးမှုပုံစံဖြင့် သတ်မှတ်ထားသော
မဲဆန္ဒနယ်များတွင် အချိုးကျကိုယ်စားပြုစနစ် အသုံးပြုပြီး
အောက်လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦး နှင့် အထက်လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး ကို
ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ပါတီများ သည် အစိုးရဖွဲ့နိုင်ရေးအတွက်
အထက်လွှတ်တော်ကိုယ်စားလှယ် ၆၉ နေရာနှင့် အောက်လွှတ်တော် ကိုယ်စားလှယ် ၁၆၅
နေရာအနိုင်ရရှိရန်လိုအပ်သည်။
မဲဆန္ဒနယ်တစ်နယ်တွင် အောက်လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးဦးနှင့်
အထက် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး နှစ်ဦး ရွေးချယ်ရမည်ဖြစ်ပြီး
ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရာတွင် အောက်လွှတ်တော်အတွက်ဖြစ်ပါက နေထိုင်သည့်လူဦးရေ
၇၃,၀၀၀ ဦးလျှင် ကိုယ်စားလှယ် တစ်ဦးနှုန်း
၊ အထက်လွှတ်တော်အတွက်ဖြစ်ပါက
နေထိုင်သည့်လူဦးရေ ၁၆၈,၀၀၀ ဦး လျှင် ကိုယ်စားလှယ် တစ်ဦးနှုန်း
သတ်မှတ်ထားသည်။ နေထိုင်သည့်လူဦးရေကို ရိုမေးနီးယားနိုင်ငံ စာရင်းအင်းဆိုင်ရာ နှစ်ချုပ်စာအုပ်၌ဖော်ပြထားသည့်
မဲဆန္ဒနယ်သတ်မှတ်မည့်နှစ်မတိုင်မီ ရှေ့တစ်နှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့တွင်ရှိနေသော
လူဦးရေစာရင်းအား ရယူသတ်မှတ်သည်။ ရွေးကောက်ပွဲ မတိုင်မီ အနည်းဆုံး ငါးလ အလိုတွင်
သန်းခေါင်စာရင်း ကောက်ယူထားပါက ယင်းသန်းခေါင်စာရင်း တွင်ဖော်ပြပါရှိသည့်
လူဦးရေစာရင်းကို ရယူသတ်မှတ်သည်။
ကိုယ်စားလှယ်နေရာရရှိရန်အတွက် နိုင်ငံရေးပါတီများ၊
ညွန့်ပေါင်းပါတီများ၊ ရွေးကောက်ပွဲ ညွန့်ပေါင်းအဖွဲ့အစည်းများနှင့်
ဥပဒေအရခွင့်ပြုထားသည့် တိုင်းရင်းသားလူမျိုးစုတစ်မျိုးမျိုးအား ကိုယ်စားပြုသောအဖွဲ့အစည်းများသည်
အနည်းဆုံးထောက်ခံမဲအရေအတွက် ( Threshold ) တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်
စုစုပေါင်းခိုင်လုံမဲ၏ ငါးရာခိုင်နှုန်း သို့မဟုတ် မဲဆန္ဒနယ် အနည်းဆုံး လေးနယ်တွင်
စုစုပေါင်းခိုင်လုံမဲ၏ ၂၀ ရာခိုင်နှုန်း ရရှိရန်လိုအပ်သည်။ ညွန့်ပေါင်းများ အတွက်မူ
အနည်းဆုံးထောက်ခံမဲအရေအတွက်ကို တိုးမြှင့်သတ်မှတ်ထားပြီး ပေါင်းစည်းလာသည့်
အဦးဆုံးပါတီတစ်ခုအတွက် အပိုဆောင်း သုံးရာခိုင်နှုန်းနှင့် ထပ်တိုးပါတီတစ်ခုလျှင်
အပိုဆောင်း တစ် ရာခိုင်နှုန်း သတ်မှတ်ထားကာ အများဆုံး ၁၀ ရာခိုင်နှုန်းအထိ
အပိုဆောင်း သတ်မှတ်ထားသည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့်မူ
၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်ရှိ Constituency
Electoral Quotient ပြည့်မီလျှင် ကိုယ်စားလှယ်နေရာ ရရှိမည်ဖြစ်သည်။
လူနည်းစုလူမျိုးများအနေဖြင့် ဖွဲ့စည်းပုံအရ လွှတ်တော်တွင်း
ကိုယ်စားပြုခွင့် ရရှိထားသည်။ အသိအမှတ်ပြုထားသည့် လူနည်းစုလူမျိုးစုတစ်ခုလျှင်
အောက်လွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာနှုန်းဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး
အနည်းဆုံးထောက်ခံမဲ အရေ အတွက် ပြည့်မီရန်မလိုပေ။ လူနည်းစုလူမျိုးစုများအားကိုယ်စားပြုသည့်
အဖွဲ့အစည်းများအနေဖြင့် ကိုယ်စားလှယ်နေရာတစ်နေရာရရှိရန်အတွက် သတ်မှတ်ထားသော
ဆန္ဒမဲအရေအတွက်၏ ပျမ်းမျှ ငါးရာခိုင်နှုန်းထက်ကျော်လွန်ပါက ကိုယ်စားလှယ်နေရာတစ်နေရာရရှိခွင့်ရှိသည်။
ဥပဒေမူဘောင်
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများကို ၁၉၉၁ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အောက် လွှတ်တော်နှင့်အထက်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ
၂၀၁၅ ခုနှစ် ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ ၂၀၀၃ ခုနှစ် ၊
နိုင်ငံရေးပါတီများ၏ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ မဲဆွယ်
စည်းရုံးခြင်းဆိုင်ရာဥပဒေ ( နိုင်ငံရေးပါတီဆိုင်ရာဘဏ္ဍာရေးဥပဒေ ) ၂၀၀၆ ခုနှစ်၊
စာတိုက်မှ တစ်ဆင့် မဲပေးခြင်းဆိုင်ရာဥပဒေ
၂၀၁၅ခုနှစ် နှင့် ရေဒီယိုနှင့်ရုပ်မြင်သံကြား ထုတ်လွှင့် မှုဆိုင်ရာဥပဒေ
၂၀၀၂ ခုနှစ်တို့နှင့်အညီ ကျင်းပသည်။
ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ဥပဒေမူဘောင်များကို ၂၀၁၈
ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ပြင်ဆင်ခဲ့ပြီး နောက်ဆုံးပြင်ဆင်မှုအနေဖြင့် ၂၀၂၀
ပြည့်နှစ်၊ စက်တင်ဘာလတွင်ပြင်ဆင်ခဲ့ရာ ရွေးကောက်ပွဲဥပဒေ၊
နိုင်ငံရေးပါတီဆိုင်ရာဘဏ္ဍာရေးဥပဒေနှင့် စာတိုက်မှတစ်ဆင့်မဲပေးခြင်းဆိုင်ရာ
ဥပဒေတို့တွင် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ပြင်ဆင်ချက်အများစုသည် ၂၀၁၉ ခုနှစ်မတိုင်မီ
ပြင်ဆင်ခဲ့ သည့် ပြင်ဆင်ချက်များပေါ်တွင် အစားထိုးပြင်ဆင်ခဲ့ခြင်းဖြစ်သော်လည်း
ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ
ကတိုက်ကရိုက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပြင်ပဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်
များတွင် ပြင်ဆင်ခဲ့ပြီး စာတိုက်မှတစ်ဆင့် မဲပေးခြင်းဆောင်ရွက်နိုင်ရန်
လျှောက်ထား ရမည့်နေ့ရက်ကို ရက်ပေါင်း ၃၀ အထိ
တိုးမြှင့်ခဲ့သည်။ နိုင်ငံပြင်ပမဲပေးခြင်းကို နှစ်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး
မဲပေးရန် စီတန်းစောင့်ဆိုင်းနေခြင်းဖြစ်ပါက ညသန်းခေါင်မတိုင်မီအထိ မဲပေး ခွင့်ပြုရန် ပြင်ဆင်ခဲ့သည်။ စာတိုက်မှတစ်ဆင့်
မဲပေးမည့်သူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရန်အတွက် ၎င်းတို့၏ ဆန္ဒမဲလက်မှတ်များကို Download ရယူနိုင်ရန် ပြင်ဆင်ပေးခဲ့သည်။
ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းရာတွင် လိုအပ်သည့် ထောက်ခံသူလက်မှတ် အရေအတွက်ကို တစ်ဝက်သို့လျော့ချခဲ့ ပြီး
စာရွက်စာတမ်းများကိုလည်း အီလက်ထရောနစ်နည်းဖြင့် တင်သွင်းနိုင်ရန် စီစဉ်ပေးခဲ့သည်။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒနယ်သတ်မှတ်ခြင်း
မဲဆန္ဒနယ်သတ်မှတ်ရာတွင် စီရင်စုတစ်စုလျှင် မဲဆန္ဒနယ်တစ်နယ်နှုန်းဖြင့်
စီရင်စု ၄၁ ခု အတွက် မဲဆန္ဒနယ် ၄၁ နယ်၊ မြို့တော် Bucharest အတွက် မဲဆန္ဒနယ် ၁ နယ် နှင့် နိုင်ငံပြင်ပ တွင်နေထိုင်သည့်
ရိုမေးနီးယန်းနိုင်ငံသားများအတွက် မဲဆန္ဒနယ် ၁ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၄၃ နယ် သတ်မှတ်ထားသည်။
မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်ခြင်း
ဥပဒေအားဖောက်ဖျက်ခြင်း
သို့မဟုတ် ပြစ်ဒဏ်ကျခံရခြင်းများကြောင့် မဲပေးပိုင်ခွင့် မရှိ ကြောင်း
တရားရုံးမှဆုံးဖြတ်ထားသူများမှအပ အသက် ၁၈ နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်းသည် ရွေးကောက်ပွဲတွင်
မဲပေးပိုင်ခွင့် ရှိသည်။ ထို့ပြင် ဥပဒေအရ အချို့သော ပြစ်မှုအမျိုးအစားများသည်
ကျူးလွန်သည်နှင့် တစ်ပြိုင်နက် မဲပေးပိုင်ခွင့် အလိုအလျောက်ဆုံးရှုံးမည်ဖြစ်သော်လည်း
အချို့သော ပြစ်မှုများမှာ ပြစ်မှုကျူးလွန်မှုအပေါ်ချမှတ်သည့်
တရားရုံး၏အမိန့်ပေါ်တွင် မူတည်၍ မဲပေးခွင့် မဆုံးရှုံးပေ။
ရွေးကောက်ပွဲဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်း ( PEA ) ၏ စာရင်းဇယားများအရ ၂၀၂၀ ပြည့်နှစ်တွင်
မဲပေးပိုင်ခွင့်ရှိသူ ၁၉ သန်းခန့်ရှိသည်။ မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ခြင်းစနစ်သည်
ပုံသေသတ်မှတ်ထားသည့် စဉ်ဆက်မပြတ် ဆောင်ရွက်နေရသည့်ပုံစံ
ဖြစ်သည်။ ရွေးကောက်ပွဲ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ( PEA
) သည်
ပြည်နယ်အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှရရှိသည့် စာရင်းများဖြင့် ပုံသေပြုစုထားသည့်
ဗဟိုမှဦးစီးသော မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက်
အဓိက တာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်သည်။
မဲဆန္ဒရှင်များသည် အီလက်ထရောနစ် နည်းပညာဖြင့်
ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းကို လူကိုယ်တိုင်သော်လည်းကောင်း၊ Online
မှတစ်ဆင့်သော် လည်းကောင်းစစ်ဆေး၍ လိုအပ်သည့် ပြင်ဆင်မှုများကို
တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်သည်။
နေထိုင်သည့်လူဦးရေစာရင်းပေါ်အခြေခံ၍
ပုံသေမဲဆန္ဒရှင်စာရင်းအဖြစ် ပြုစုပြီး မဲရုံများ ခွဲခြား သတ်မှတ်ပေးသည်။
အိမ်ထောင်စုဇယားရှိသည့် နေရာတွင် နေထိုင်ခြင်းမရှိသည့် သူများအတွက် မဲစာရင်းကိုမူ ထပ်ဆောင်းမဲဆန္ဒရှင်စာရင်းအဖြစ်
ပြုစုပေးသည်။ အချုပ်ကျခံ နေရသူများ၊ အတွင်းလူနာအဖြစ်
ဆေးကုမှုခံယူနေရသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်တွင် အမြဲနေထိုင်နေရ
သူများအတွက် ရွေ့လျားမဲပုံး ( Mobile Ballot Box ) အသုံးပြုဆောင်ရွက်နိုင်ရန် ဥပဒေ ပြဋ္ဌာန်းပေး ထားသည်။
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
မဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်တိုင်း ရွေးကောက်ပွဲတွင်
ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။
အသက်ကန့်သတ်ချက်အနေဖြင့် အောက်လွှတ်တော်အတွက် ၂၃ နှစ် နှင့် အထက်လွှတ်တော်အတွက် ၃၃
နှစ်ပြည့်မီရန် သတ်မှတ်ထားသည်။ ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းခြင်းကို
ရွေးကောက်ပွဲမတိုင်မီ ၄၅ ရက်အလိုတွင် မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံး တွင်တင်သွင်းရသည်။
နိုင်ငံပြင်ပရောက်ရှိနေသူများအတွက်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါက
ရက်ပေါင်း ၆၀ အလိုတွင် နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံး၌
တင်သွင်းရသည်။ ကိုယ်စားလှယ်လောင်းများအဖြစ် နိုင်ငံရေးပါတီများ၊
ညွန့်ပေါင်းအဖွဲ့အစည်းများနှင့် လူနည်းစုလူမျိုးစုများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများမှ တင်သွင်းနိုင်သကဲ့သို့
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်လည်း တင်သွင်းနိုင်သည်။
ဗဟိုရွေးကောက်ပွဲရုံး ( CEB ) သည် ပြည်ထောင်စုအဆင့်တွင် ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းခြင်းကို
တာဝန်ယူဆောင်ရွက်ပေးသည်။ ၂၀၂၀ စက်တင်ဘာလ တွင်ပြင်ဆင်ခဲ့သည့် ပြင်ဆင်ချက်များအရ လိုအပ်သည့်ထောက်ခံသူ
လက်မှတ်အရေအတွက်ကို ယခင် ၁ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ မဲဆန္ဒရှင်စုစုပေါင်း၏
၀.၅ ရာခိုင်နှုန်းသို့ လျော့ချခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူများ အနေဖြင့်
၎င်းတို့၏ စာရွက်စာတမ်းများကို အီလက်ထရောနစ်နည်းဖြင့် တင်သွင်းခွင့်ပြုခဲ့သည်။
ထောက်ခံသူလက်မှတ် မှန်၊မမှန် စစ်ဆေးနိုင်သည့်နည်းလမ်းကို ဥပဒေအရ သတ်မှတ်ပေးထားခြင်းမရှိပေ။ နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီမှု
ရှိ၊မရှိသာ စစ်ဆေးပေးသည်။ ဗဟိုရွေးကောက်ပွဲရုံး ( CEB ) နှင့် နိုင်ငံပြင်ပမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံးတို့သည်
ဝင်ရောက်ယှဉ်ပြိုင်သူများ၏ အမည်စာရင်းတင်သွင်းလွှာနှင့် စာရွက် စာတမ်းများကို ၄၈ နာရီအတွင်း စစ်ဆေးအတည်ပြုပေးရသည်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ကာလကို
ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၃၀
အလိုမှ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ၂၄ နာရီအလိုအထိ သတ်မှတ်ထားသည်။ ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် ယှဉ်ပြိုင်သူအားလုံးအတွက် မျှတသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအခြေအနေများနှင့်
စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေးထားသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို
မျှတမှုရှိစွာ ဆောင်ရွက်ခြင်း ရှိ၊မရှိ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် စပ်လျဉ်း၍
ဥပဒေပြဋ္ဌာန်းသတ်မှတ်ထားသည်။
ဆန္ဒမဲပေးခြင်း
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများတွင်
မဲဆန္ဒရှင်များသည် ၎င်းတို့ အမြဲတမ်းနေထိုင်ရာ ဒေသ ( Domiciliu ) သို့မဟုတ်
အနည်းဆုံး သုံးလ နေထိုင်လျက်ရှိသည့်
ယာယီနေထိုင်ရာဒေသ ( Flotant ) တို့တွင်သာ
ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ နိုင်ငံရပ်ခြားတွင်နေထိုင်လျက်ရှိသည့် ရိုမေးနီးယန်း နိုင်ငံသားများသည်
မဲဆန္ဒနယ်အမှတ် ၄၃ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
ကိုယ်စားလှယ်လောင်း များအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။
မဲပေးချိန်ကို နံနက် ၇ နာရီမှ ည ၉
နာရီအထိ သတ်မှတ်ထားပြီး မဲရုံ ၁ ရုံလျှင် မဲဆန္ဒရှင်
၅၀ ဦးမှ ၂၀၀၀ အကြား သတ်မှတ်ထားသည်။
ဆန္ဒမဲပေးရာတွင် ဆန္ဒမဲလက်မှတ်စာရွက်များအား
အသုံးပြုဆောင်ရွက်ပြီး မဲရေတွက်ခြင်း ကိုလည်း သမားရိုးကျနည်းလမ်းဖြင့်သာ
ရေတွက်သည်။ မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာတွင် အထောက်အထားအနေဖြင့် မှတ်ပုံတင်ကတ်
သို့မဟုတ် စစ်ဘက်ဆိုင်ရာကျောင်းသားများအတွက်
စစ်ဘက်ဆိုင်ရာမှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်စသည့် ကတ်တစ်မျိုးမျိုးကို
ပြသရ သည်။ ယင်းနောက် ပုံသေမဲဆန္ဒရှင်စာရင်း ( Permanent
Electoral List ) ၊ ထပ်တိုးမဲဆန္ဒရှင်စာရင်း ( Supplemental
Electoral List ) သို့မဟုတ် အထူးမဲဆန္ဒရှင်စာရင်း ( Special
Electoral List ) စသည့် မဲဆန္ဒရှင်စာရင်းတစ်ခုခုတွင်
လက်မှတ်ရေးထိုးပြီးပါက မဲလက်မှတ်တစ်စောင်ကို လက်ခံ ရရှိမည်ဖြစ်ပြီး
ဆန္ဒမဲပေးနိုင်မည်ဖြစ်သည်။
ဆန္ဒမဲလက်မှတ်တွင် ကိုယ်စားလှယ်လောင်းအားလုံး၏
အမည်စာရင်းကို ထီစနစ်ပုံစံ ( Lottery Type ) ဖြင့် အထက်အောက်စဉ်၍ (
လွှတ်တော်တွင်းရှိ ပါတီများအား ဦးဆုံး ဖော်ပြပြီး နောက်
လွှတ်တော်တွင်းမှမဟုတ်သည့်ပါတီများ၊ ယင်းနောက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း များ)
ဖော်ပြထားသည်။ ပါတီနာမည်အပြည့်အစုံ၊ ကိုယ်စားလှယ်လောင်းအမည် ( သို့မဟုတ် ကိုယ်စားလှယ်လောင်းအမည်စာရင်း List ) နှင့် ပါတီအမှတ်တံဆိပ်တို့အား
မဲလက်မှတ်စာရွက်ပေါ်ရှိ ထောင့်မှန်စတုဂံကွက်အတွင်း
ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ မဲဆန္ဒရှင်သည် ၎င်းရွေးချယ် လိုသည့်
တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း သို့မဟုတ် ပါတီ၏တြိဂံပုံ အမှတ်အသားပေါ်တွင် တံဆိပ်ရိုက်နှိပ်၍
ရွေးချယ်ပေးသည်။
နိုင်ငံပြင်ပရောက်ရှိနေကြသည့်မဲဆန္ဒရှင်များသည် စာတိုက်မှတစ်ဆင့်ဖြစ်စေ၊
ကောင်စစ်ဝန် ရုံး၊ သံတမန်ရေးရာကိုယ်စားပြုရုံး သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာန
( MFA ) မှ သတ်မှတ်ထားသည့်
သင့်လျော်သည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ ဆန္ဒမဲပေးနိုင်သည်။
အချိုးကျကိုယ်စားပြုစနစ်ဖြင့် အထက်လွှတ်တော်နှင့်
အောက်လွှတ်တော် ကိုယ်စားလှယ်နေရာ တွက်ချက်ခွဲဝေပေးခြင်း
အချိုးကျကိုယ်စားပြုစနစ်အသုံးပြု၍ ကိုယ်စားလှယ်နေရာတွက်ချက်ခွဲဝေပေးရာတွင် အဆင့် နှစ်ဆင့်ဖြင့် တွက်ချက်သည်။ ပထမအဆင့်အဖြစ် မဲဆန္ဒနယ်အဆင့်တွင် Hare Method အသုံးပြု တွက်ချက်ခြင်းဖြစ်ပြီး ဒုတိယအဆင့်အဖြစ် ပြည်ထောင်စုအဆင့်တွင် d’Hondt Method အသုံးပြု တွက်ချက်ခြင်း ဖြစ်သည်။
ပထမအဆင့်တွက်ချက်ရာတွင် အနည်းဆုံးရရှိရမည့်ခိုင်လုံမဲအရေအတွက် ( Threshold ) ပြည့်မီသည့် နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းပါတီများ၊ ရွေးကောက်ပွဲညွန့်ပေါင်းအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားပြုအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများရရှိသည့် စုစုပေါင်းခိုင်လုံမဲအရေအတွက်ကို သက်ဆိုင်ရာမဲဆန္ဒနယ်တွင်တင်မြှောက်မည့် ကိုယ်စားလှယ် အရေ အတွက်နှင့် အချိုးချခြင်းဖြင့် Constituency Electoral Quotient (CEQ) ရရှိသည်။ CEQ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိမည်ဖြစ်သည်။ Hare Method အသုံးပြုခြင်းဖြစ်သည့်အတွက် CEQ အရ ကိုယ်စားလှယ်နေရာရရှိပြီးဖြစ်သည့် ဆန္ဒမဲများကို စုစုပေါင်းရရှိသည့် ဆန္ဒမဲအရေအတွက်အနက်မှ ထုတ်ပယ်၍ ကျန်ရှိနေသောဆန္ဒမဲများကို ကိုယ်စားလှယ်နေရာခွဲဝေပေးနိုင်ရေးအတွက် ဒုတိယအဆင့် ဆက်လက်တွက်ချက်သည်။
ဒုတိယအဆင့်တွက်ချက်မှုအဖြစ် Threshold ပြည့်မီသည့် ပါတီအစုအဖွဲ့များ၏ ပထမအဆင့် တွက်ချက်ရာ၌ အသုံးမပြုရသေးသော ကျန်ရှိဆန္ဒမဲများကို မဲဆန္ဒနယ်အားလုံးတို့တွင် စုစည်းသည်။ စုစည်းထားသည့် ပါတီအစုအဖွဲ့တစ်ခုချင်းစီ၏ စုစုပေါင်းမဲများကို ၁၊ ၂၊ ၃၊ ၄ စသည်ဖြင့် အချိုးချသည်။ အချိုးချရာမှ ရရှိလာသောစားလဒ်များကို ကျန်ရှိသည့် ကိုယ်စားလှယ် အရေ အတွက်နှင့် ကိုက်ညီသည်အထိ ကြီးစဉ်ငယ်လိုက်စဉ်သည်။ အငယ်ဆုံးစားလဒ်သည် National Electoral Quotient ( NEQ ) ဖြစ်သည်။ NEQ နှင့်ကိုက်ညီသည့် ဆန္ဒမဲအရေအတွက် တစ်ကြိမ်ပြည့်မီတိုင်း ကိုယ်စားလှယ်နေရာ တစ်နေရာ ရရှိခွင့်ရှိမည်ဖြစ်ပြီး ကိုယ်စားလှယ် နေရာခွဲဝေမှုအား ဥပဒေနှင့်အညီ အချိုးကျဆက်လက် တွက်ချက်ခွဲဝေပေးသည်။
အငြင်းပွားမှုများနှင့် အယူခံမှုများ
၁။ မဲဆန္ဒရှင်စာရင်း
မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍
ကျေနပ်မှုမရှိပါက ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း ( PEA
) တွင် တိုင်ကြားနိုင်ပြီး တိုင်ကြားလာမှုအား သုံးရက်အတွင်း အပြီး သတ် ဆုံးဖြတ်ပေးရသည်။ ယင်းဆုံးဖြတ်ချက်အပေါ်
အယူခံတင်သွင်းလိုပါက သုံးရက် အတွင်း ဒေသဆိုင်ရာတရားရုံးသို့
တင်သွင်းနိုင်သည်။
၂။ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း
ဗဟိုရွေးကောက်ပွဲရုံး ( CEB ) နှင့် နိုင်ငံရပ်ခြားရှိမဲဆန္ဒရှင်များအတွက်
မဲဆန္ဒနယ် ဆိုင်ရာရွေးကောက်ပွဲရုံးတို့မှ
ဆုံးဖြတ်ပေးလိုက်သော ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက Bucharest
တရားရုံးသို့ တင်သွင်းဆောင်ရွက်နိုင်သည်။ အခြားသော မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး
( BEC ) များမှ ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ကျေနပ်မှု မရှိပါက
သက်ဆိုင်ရာခရိုင်ရှိ ခုံရုံးများသို့ တင်သွင်းနိုင်ပြီး ၄၈ နာရီအတွင်း အပြီးသတ်
ဆုံးဖြတ် ပေးရသည်။ ယင်းဆုံးဖြတ်ချက်များအပေါ်တွင် ထပ်မံ၍အယူခံတင်သွင်းလိုပါက အထက် တရားရုံးသို့
တင်သွင်းနိုင်သည်။
၃။ မဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်း၍
အငြင်းပွားမှုများပေါ်ပေါက်ပါက မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံးများ သို့မဟုတ်
ရဲစခန်းများတွင် တိုင်ကြားနိုင်သည်။ မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံးများမှ ဆုံးဖြတ်လိုက်သော
အဆုံးအဖြတ်များနှင့်စပ်လျဉ်း ၍ ကျေနပ်မှုမရှိပါက ၄၈ နာရီအတွင်း
ဗဟိုရွေးကောက်ပွဲရုံးသို့ တင်သွင်းနိုင်သည်။
မဲဆွယ်စည်းရုံးရေးအသုံးစရိတ်
ရွေးကောက်ပွဲတွင်အသုံးပြုသည့်ရွေးကောက်ပွဲအသုံးစရိတ်များကို
နိုင်ငံရေးပါတီဆိုင်ရာ ဘဏ္ဍာရေးဥပဒေ ( Political
Finance Law ) အရ သုံးစွဲခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများသည်
လူပုဂ္ဂိုလ်များနှင့် တရားဝင်အဖွဲ့အစည်းများမှလှူဒါန်းသည့် အလှူငွေများကို
လက်ခံပိုင်ခွင့်ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ
အာဏာပိုင်အဖွဲ့အစည်း ( PEA ) သည် နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် တာဝန်ရှိပြီး စုံစမ်းစစ်ဆေးမှုများကို
ဆောင်ရွက်ပိုင်ခွင့်ရှိကာ ပြစ်ဒဏ်များလည်း ချမှတ် ပိုင်ခွင့်ရှိသည်။ ရွေးကောက်ပွဲပြီးနောက် ၁၅ ရက်အတွင်း
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရမည်ဖြစ်ပြီး
ရွေးကောက် ပွဲဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း ( PEA ) သည် ယင်းကုန်ကျစရိတ်စာရင်းများကို ရက်ပေါင်း ၃၀ အတွင်း စစ်ဆေးရမည် ဖြစ်သည်။
စစ်ဆေးပြီးသည့် အစီရင်ခံစာများကို Online မှတစ်ဆင့် ထုတ်ပြန်ခြင်းနှင့် နိုင်ငံတော် ပြန်တမ်းတွင်ထည့်သွင်းခြင်းတို့ကို
ရလဒ်များ ထုတ်ပြန်ပြီးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ရမည်။
ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ခြင်းမရှိပေ။ ဖော်ပြပါရှိသည့် အသုံးစရိတ်များသည်
လှူဒါန်းငွေများနှင့်ကိုက်ညီမှု ရှိ၊မရှိ
စစ်ဆေးခြင်း၊ အသေး စိတ်စာရင်းစစ်ဆေးခြင်းနှင့်
အသုံးစရိတ်သုံးစွဲမှု စစ်ဆေးခြင်းတို့အပေါ် ပြန်လည်စစ်ဆေးခြင်းတို့အား ကန့်သတ်ထားသည်။
ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ( PEA
) မှချမှတ်နိုင်သည့် ဆုံးဖြတ်ချက်များတွင် ငွေကြေးပိုင်းဆိုင်ရာ
ဒဏ်ခတ် အရေးယူမှုများလည်း အပါအဝင်ပင်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ
ရိုမေးနီးယားနိုင်ငံသည် ၂၀၁၆
ခုနှစ် ရွေးကောက်ပွဲပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်ခဲ့ပြီး
ဝန်ကြီးချုပ် ၄ ဦးအထိ ပြောင်းလဲအုပ်ချုပ်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅
ရက်နေ့တွင် Social Democratic Party ( PSD )
သည် အစိုးရအဖွဲ့အပေါ်
အယုံအကြည် မရှိကြောင်း အဆို ( No-Confidence Vote ) အဖြစ် မဲ
နှစ်မဲကို လွှတ်တော်တွင် တင်သွင်းမှု အောင်မြင်ခဲ့သည့် အတွက် မတ်လ ၁၆ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာခဲ့ရာ
ကြားကာလအုပ်ချုပ်မှု အနေဖြင့် ဝန်ကြီးချုပ် Ludovic Orban သည်
အာဏာအကန့်အသတ်ဖြင့် ဝန်ကြီးချုပ်တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ဩဂုတ်လ ၃၁ ရက်နေ့တွင် တင်သွင်းခဲ့သည့် အယုံအကြည် မရှိ ကြောင်းအဆို ( No-Confidence Vote ) သည် အစိုးရ၏ ကိုဗစ် -၁၉
စီမံခန့်ခွဲမှု အလွဲများအပေါ် စွပ်စွဲပြစ်တင်၍
တင်သွင်းခဲ့သော်လည်း ထောက်ခံသူမရှိ၍ အဆိုအောင်မြင်မှု မရှိခဲ့ပေ။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများကို ဒီဇင်ဘာလ ၆ ရက်နေ့တွင်
ကျင်းပမည် ဖြစ်ကြောင်း ဥပဒေအရ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေညာခဲ့သည်။ သို့သော်
ယင်းမတိုင်မီ ဇူလိုင်လ ၂၇ ရက်နေ့တွင် လွှတ်တော်သည်
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် သတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေတစ်ရပ်ကို
အတည်ပြုပြဋ္ဌာန်းခဲ့သည်။ သမ္မတနှင့်အစိုးရအဖွဲ့ တို့သည် ယင်းဥပဒေနှင့်စပ်လျဉ်း၍
ဖွဲ့စည်းပုံနှင့်ကိုက်ညီမှုမရှိဟု အယူခံတင်သွင်းခဲ့ကြသည်။ စက်တင်ဘာလ ၂၉ ရက်နေ့တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် အယူခံကို ပယ်ချခဲ့ပြီး ဥပဒေအား
ဖွဲ့စည်းပုံနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပေးခဲ့သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ
ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် အောက်တိုဘာလ ၂ ရက်နေ့တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးသည်
ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လမတိုင်မီအထိ ရွှေ့ဆိုင်းထားရန် အဆိုပြုလွှာ
တင်သွင်းခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ခြင်း မရှိပေ။
ရွေးကောက်ပွဲကို ၂၀၂၀
ပြည့်နှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မဲပေးသူ ၃၃
ရာခိုင်နှုန်းသာ ရှိခဲ့သည့်အတွက် ရိုမေးနီးယားနိုင်ငံသမိုင်းတွင်
မဲပေးသူအနည်းဆုံးစံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားမှုအပါအဝင်
နိုင်ငံရေးအခြေအနေများ အပေါ် ပြည်သူလူထု၏ မကျေနပ်မှုများကြောင့်
မဲပေးသူလျော့နည်းခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် Social
Democratic Party ( PSD ) က
လွှတ်တော် နှစ်ရပ်လုံးတွင် ဆန္ဒမဲရရှိမှု ၃၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး
အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီက ရေပန်းစား ခဲ့သော National
Liberal Party ( PNL ) ကမူ ၂၅ ရာခိုင်နှုန်းဖြင့်သာ ဒုတိယနေရာတွင်
ရပ်တည်ခဲ့ပြီး ယင်းရလဒ်အကျိုးဆက်အဖြစ် PNL ပါတီမှ
ဝန်ကြီးချုပ် Orban သည် ရာထူးမှ နုတ်ထွက်ခဲ့သည်။ USR-PLUS
သည် ၁၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်ရပ်တည်ခဲ့ပြီး
လွှတ်တော်တွင်း တစ်ကြိမ် တစ်ခါမျှ ကိုယ်စားလှယ်နေရာရရှိဖူးခြင်း မရှိသေးသည့် Alliance
for the Unity of Romanians သည် စတုတ္ထနေရာ နှင့် Democratic
Alliance of Hungarians in Romania ( UDMR ) က ပဉ္စမနေရာ တို့တွင်
အသီးသီး ရပ်တည်ခဲ့ကြသည်။
PSD သည် ဆန္ဒမဲအများဆုံးရရှိခဲ့သော်လည်း
ဒီဇင်ဘာလ ၈ ရက်နေ့တွင် PNL, USR PLUS နှင့် UDMR တို့သည် ညွန့်ပေါင်းဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်းကြေညာခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး
Florin Cîțu ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သည်။
ဒုတိယဝန်ကြီးချုပ်များအဖြစ် USR PLUS မှ ၁ ဦးနှင့် UDMR
မှ ၁ ဦး စုစုပေါင်း ၂ ဦး အမည်စာရင်းတင်သွင်းခဲ့သည်။ ဖွဲ့စည်းထားသည့်
ဝန်ကြီးဌာန ၁၈ တွင် PNL မှ ၉ ဦး၊ USR PLUS မှ ၃ ဦးနှင့် UDMR မှ ၃ ဦးတို့အား ဝန်ကြီးများအဖြစ်
အမည်စာရင်းတင်သွင်းခဲ့သည်။
အထက်လွှတ်တော်တွင် ကိုယ်စားလှယ်ရရှိမှုအခြေအနေ
|
ပါတီအမည် |
ပါတီကိုယ်စားပြုအရောင် |
ဆန္ဒမဲရရှိမှုရာခိုင်နှုန်း |
ရရှိသည့် ကိုယ်စားလှယ်နေရာ |
|
PSD |
|
၃၄.၅၆% |
၄၇ |
|
PNL |
|
၃၀.၁၅% |
၄၁ |
|
USR PLUS |
|
၁၈.၃၈% |
၂၅ |
|
AUR |
|
၁၀.၂၉% |
၁၄ |
|
UDMR |
|
၆.၆၂% |
၉ |
အောက်လွှတ်တော်တွင် ကိုယ်စားလှယ်ရရှိမှုအခြေအနေ
|
ပါတီအမည် |
ပါတီကိုယ်စားပြုအရောင် |
ဆန္ဒမဲရရှိမှုရာခိုင်နှုန်း |
ရရှိသည့် ကိုယ်စားလှယ်နေရာ |
|
PSD |
|
၃၃.၃၃% |
၁၁၀ |
|
PNL |
|
၂၈.၁၈% |
၉၃ |
|
USR PLUS |
|
၁၆.၆၇% |
၅၅ |
|
AUR |
|
၁၀.၀၀% |
၃၃ |
|
UDMR |
|
၆.၃၆% |
၂၁ |
|
Minorities |
|
၅.၄၅% |
၁၈ |
နိဂုံး
ရိုမေးနီးယားနိုင်ငံသည် နိုင်ငံရေးပါတီအများအပြားပါဝင်သည့်
ပါတီစုံစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပါတီတစ်ခုတည်းဖြင့်
အစိုးရဖွဲ့နိုင်ခြင်းမရှိသည့်အခြေအနေမျိုး ပေါ်ပေါက် သည့်အခါ ရပ်တည်ချက်တူညီသည့်
ပါတီများအချင်းချင်းပေါင်းစု၍ ညွန့်ပေါင်းအစိုးရအဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးပါတီ
တစ်ပါတီချင်းအနေဖြင့်ဖြစ်စေ၊ ညွန့်ပေါင်းဖွဲ့စည်းထားသည့် ပါတီများအနေဖြင့်ဖြစ်စေ
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အချိုးညီမျှစွာ ကိုယ်စားပြုခွင့် ရနိုင်ရေးအတွက်
ဥပဒေများ ပြုစုပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။ ရိုမေးနီးယားနိုင်ငံ ဥပဒေပြု လွှတ်တော်နှစ်ရပ်၏
ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲကို
၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ရည်ညွှန်းကိုးကား
( ၁ ) https://www.britannica.com/place/Romania
( ၂ ) https://en.wikipedia.org/wiki/Elections_in_Romania
( ၃ ) https://www.osce.org/odihr/elections/romania/426629
( ၄ ) https://www.osce.org/odihr/elections/romania/466779
( ၅ ) https://en.wikipedia.org/wiki/Administrative_divisions_of_Romania
( ၆ ) https://en.wikipedia.org/wiki/2020_Romanian_legislative_election
( ၇ ) https://www.roaep.ro/prezentare
( ၈ ) https://www.te.gob.mx/vota_elections/page/download/16352
ဆောင်းပါးရှင် - နေခြည်
ရေးသားသူအမည် - ဒေါ်နေခြည်ကျော်မင်း
ရာထူး - လက်ထောက်ညွှန်ကြားရေးမှူး
ဌာန - သုတေသနနှင့်မှတ်တမ်းဌာန၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး။
ဖုန်း - ၀၆၇ - ၄၀၄၄၀၇၊ ၀၉- ၄၀၂၆၈၀၅၅၅
၁၅-၃-၂၀၂၂ရက်နှင့် ၁၆-၃-၂၀၂၂ရက်တို့တွင်
မြ၀တီသတင်းစာ၌ ဖော်ပြခဲ့သော
ဆောင်းပါး ဖြစ်ပါသည်။
No comments:
Post a Comment