Ahvalnews; Mar-24 (Thu)
တူရကီနိုင်ငံအပေါ်ချမှတ်ထားသည့် လက်နက်ကုန်သွယ်မှုပိတ်ပင်မိန့်အား ပြန်လည် ရုပ်သိမ်းပေးရန် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO) အဖွဲ့ဝင်မဟာမိတ်များအား တောင်းဆိုခဲ့ကြောင်း Ahvalnews သတင်းဌာနက မတ်လ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းစစ်ပွဲ အတွင်း တူရကီထုတ် မောင်းသူမဲ့လေယာဉ်များအနေဖြင့် စစ်ရေးအောင်မြင်မှုရရှိနေသည့်တိုင် ၎င်း၏ကာကွယ်ရေး ထုတ်ကုန်ပစ္စည်းများမှာ ဈေးကွက်ကန့်သတ်မှုများနှင့် ဆက်လက် ရင်ဆိုင်နေရကြောင်းနှင့် တူရကီနိုင်ငံ၏ ဘုံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် မဟာမိတ်နိုင်ငံအချို့မှ ကာကွယ်ရေးဆိုင်ရာ စက်မှုကဏ္ဍအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ဖယ်ရှားပေးရန် လိုအပ်မည်ဖြစ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပဒေသကို ခြိမ်းခြောက်နေသည့် ရုရှား-ယူကရိန်း စစ်ပွဲနှင့်စပ်လျဉ်း၍ NATO အဖွဲ့၏ ကာကွယ်ရေးနှင့် ဟန့်တားထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ တူရကီ၏ ပူးပေါင်းပါဝင်နေမှုသည် ၎င်းအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့ပါသည်။
NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် တင့်ကားများ၊ တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် ရဟတ်ယာဉ်များအတွက် တူရကီနိုင်ငံထုတ် အင်ဂျင်များကိုဝယ်ယူအသုံးပြုရန် ငြင်းဆို ထားကြပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းဝယ်ယူခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်မှုများပြုလုပ် ခဲ့ပါသည်။ တူရကီနိုင်ငံ၏ စက်လက်နက်ပစ္စည်းများဝယ်ယူမှုကြောင့် ၎င်းနိုင်ငံအတွင်းရှိ ကာ့ဒ်လက်နက်ကိုင်များ(Kurdish Insurgency) အပါအဝင် အိမ်နီးချင်းအီရတ်နှင့် ဆီးရီးယား နိုင်ငံတို့ရှိ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များအပေါ် တူရကီစစ်ဘက်အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာမည်ကို NATO မဟာမိတ်နိုင်ငံအချို့က စိုးရိမ်လျက် ရှိပါသည်။ အမေရိကန်သည် တူရကီနိုင်ငံ၏ S-400 ဝယ်ယူစမ်းသပ်မှုအပေါ် တုံ့ပြန်သည့် အနေဖြင့် F-35 တိုက်လေယာဉ်အစီး ၁၂၀ ပူးတွဲထုတ်လုပ်ရေးအစီအစဉ်မှ တူရကီ လေတပ်အား ထုတ်ပယ်ခဲ့သည့်အပြင် အဆိုပါတိုက်လေယာဉ်များ၏အစိတ်အပိုင်း ထုတ်လုပ်ရေးစီမံကိန်းမှလည်း တူရကီစက်မှုလုပ်ငန်းကုမ္ပဏီများကို ဖယ်ရှားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment