Reuters; Mar-20 (Sun)
NATO မိတ်ဖက်နိုင်ငံများမှ ဆလိုဗက်ကီးယားနိုင်ငံသို့ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင်ရောက်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် လာမည့်ရက်သတ္တပတ်များတွင် တပ်ဖြန့်ချထားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီး ဂျရိုစလဗ်နဒ် (Jaroslav Nad) က မတ်လ ၂၀ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါလက်နက်စနစ်ကို ဂျာမနီနှင့် နယ်သာလန်တပ်ဖွဲ့ဝင်များက ကိုင်တွယ်အသုံးပြုသွားမည်ဖြစ်ပြီး NATO တပ်ဖွဲ့၏ အရှေ့ဘက်စစ်နယ်ဝန်းကာကွယ်ရေးကို အားဖြည့်ကူညီရန်အတွက် ဆလိုဗက်ကီးယားနိုင်ငံ အလယ်ပိုင်းရှိ ဆလီအက် (Sliac) လေတပ်အခြေစိုက်စခန်းတွင် ကနဦးတပ်ဖြန့်ချထားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်တပ်ဖြန့်ချထားမှုများအတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း နဒ်က ထည့့်သွင်းပြောကြားခဲ့ပါသည်။
အထက်ပါ Patriot ဒုံးကျည်စနစ်သည် လေကြောင်းရန်ကာကွယ်ရေးအတွက် အားဖြည့်မှုတစ်ခုသာဖြစ်ပြီး S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အစားထိုးခြင်း မဟုတ်ကြောင်း နဒ်က ပြောကြားခဲ့ပါသည်။ သို့ရာတွင် ဆလိုဗက်ကီးယားစစ်ဘက်၏ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ၎င်း၏ သက်တမ်း၊ စွမ်းဆောင်ရည်များနှင့် ရုရှားအပေါ် မှီခိုနေမှုများကြောင့် အစားထိုးရန် နည်းလမ်းရှာဖွေလျက်ရှိကြောင်း နဒ်က ဆက်လက်ပြောကြားခဲ့ပါသည်။ ဆလိုဗက်ကီးယားစစ်ဘက်အနေဖြင့် S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကဲ့သို့ သင့်လျော်သော လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်ကို အစားထိုးရရှိမည်ဆိုပါက ၎င်း၏ S-300 လက်နက်စနစ်အား ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် ဆန္ဒရှိကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် နဒ်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ သို့သော် ရုရှားနိုင်ငံသည် ယူကရိန်းသို့ အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်များတင်ပို့မှုမပြုရန် ပြောကြားခဲ့ပြီး အဆိုပါလက်နက်စနစ်တင်ပို့သော အနောက်နိုင်ငံများအား ပစ်မှတ်ထားတိုက်ခိုက်နိုင်ဖွယ်ရှိသည်ဟု သတိပေးပြောကြား ထားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment