Tuesday, April 5, 2022

ဂရိ၊ အစ္စရေးနှင့် ဂရိဆိုက်ပရပ်စ် နိုင်ငံခြားရေးဝန်ကြီးတို့အကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း

 

Anadolu Agency; Apr-5 (Tue)

              ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ရယ်လာပစ် (Yair Lapid) နှင့် ဂရိဆိုက်ပရပ်စ် နိုင်ငံခြားရေး ဝန်ကြီး အိုင်ရွန်နစ်ကာဆိုလီဒက်စ် (Ioannis Kasoulides) တို့အကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ဂရိနိုင်ငံ၊ အေသင် (Athens) မြို့၌ ဧပြီလ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။  အဆိုပါ တွေ့ဆုံမှုအတွင်း စွမ်းအင်နှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြေထဲပင်လယ် အရှေ့ပိုင်း ဒေသ၏ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများအပါအဝင် နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။ လက်ရှိတွင် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဖြစ်ပေါ်လျက်ရှိသည့် စစ်ပွဲသည် ဥရောပနှင့် အရှေ့အလယ်ပိုင်း စွမ်းအင်ဈေးကွက်များကို ပြောင်းလဲလာစေနိုင်သည့် အတွက် စွမ်းအင်ဈေးကွက်ကို အလေးပေးဆောင်ရွက်ခြင်းဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ထပ်မံပြုလုပ်ရန် လေ့လာဆန်းစစ်လျက်ရှိကြောင်း ရယ်လာပစ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့ဟောင်းရှိ ခရစ်ယာန် ရပ်ကွက် (Christian Quarter) တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ရကြောင်း ဒန်ဒီရက်စ်က ပြောကြားခဲ့ပါသည်။

        အထက်ပါ အစည်းအဝေးမစတင်မီ ဂရိနိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးတို့အကြား သီးခြားတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်းလည်း ရယ်လာပစ်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ သီးခြားတွေ့ဆုံမှုအတွင်း လုံခြုံရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စွမ်းအင်ကဏ္ဍများအပေါ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အလေးပေးဆွေးနွေးခဲ့ကြကြောင်းလည်း ၎င်းက အသေးစိတ်ဖော်ပြခဲ့ပါသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသနှင့် မြေထဲပင်လယ် အရှေ့ပိုင်းဒေသတို့၌ နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများအပြင် ရုရှား -ယူကရိန်း စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍လည်း အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဒန်ဒီရက်စ်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment