Thursday, April 21, 2022

အက်စတိုးနီးယားနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

 

Xinhua; Apr-22 (Fri)

              အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး အီဗာမာရီယာလီမတ်စ် (Eva-Maria Liimets) သည် ဧပြီလ ၂၁ ရက်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နလီနာဘဲဘာ့ခ် (Annalena Baerbock) နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အက်စတိုးနီးယားနိုင်ငံအနေဖြင့် လာမည့် ၄ နှစ်တာကာလ အတွင်း ကာကွယ်ရေးအသုံးစရိတ်အား ၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ် ကြောင်း လီမတ်စ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ချိန်မှစ၍ အက်စတိုးနီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ အပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ယူရို ၁၅ သန်းနီးပါးခန့် ပေးအပ်ခဲ့ကြောင်း လီမတ်စ်က ပြောကြားခဲ့ပါသည်။

              ဂျာမနီနိုင်ငံအနေဖြင့်လည်း  ယူကရိန်းနိုင်ငံအား ယူရို ၁ ဘီလီယံခန့် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဘဲဘာ့ခ်က ပြောကြား ခဲ့ပါသည်။ ဘဲဘာ့ခ်သည် လီမတ်စ်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့်အပြင် အက်စတိုးနီးယားဝန်ကြီးချုပ် ကာဂျာကယ်လက်စ် (Kaja Kallas) လည်းတွေ့ဆုံ၍   ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စပိန်နိုင်ငံ၊ မြို့တော် မက်ဒရစ် (Madrid) ၌ ကျင်းပပြုလုပ် သွားရန် စီစဉ်ထားရှိသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (The North Atlantic Treaty Organization-NATO)  ထိပ်သီးအစည်းအဝေးအပါအဝင် ယူကရိန်းနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံ၏ လက်ရှိကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂.၃ ရာခိုင်နှုန်းရှိပြီး NATO အဖွဲ့က သတ်မှတ်ထားသည့် ၂ ရာခိုင်နှုန်းထက် ကျော်လွန်လျက် ရှိကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment