Sunday, April 24, 2022

ဆလိုဗေးနီးယားရွေးကောက်ပွဲတွင် အတိုက်အခံပါတီက အနိုင်ရရှိခဲ့ခြင်း

 

ဆလိုဗေးနီးယားရွေးကောက်ပွဲတွင် အတိုက်အခံပါတီက အနိုင်ရရှိခဲ့ခြင်း

Thenational; Apr-25 (Mon)

              ဆလိုဗေးနီးယားနိုင်ငံတွင် ဧပြီလ ၂၄ ရက်၌ကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲတွင် အတိုက်အခံလစ်ဘရယ်ပါတီသည် လက်ရှိဝန်ကြီးချုပ် ဂျနက်ဇ်ဂျန်ဆာ (Janez Jansa) အား မဲရလဒ်အသာဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း The National သတင်းဌာနကဖော်ပြခဲ့ပါသည်။ ရွေးကောက်ပွဲအာဏာပိုင်များအနေဖြင့် မဲရလဒ်များ၏ ၉၀ ရာခိုင်နှုန်းကျော်ကိုရေတွက်ပြီးနောက်တွင် လက်ရှိအာဏာရ ကွန်ဆာဗေးတစ် ဆလိုဗေးနီးယန်းဒီမိုကရက်တစ်ပါတီ (conservative Slovenian Democratic Party) သည် မဲအရေအတွက် ၂၄ ရာခိုင်နှုန်း၊ နယူးဆလိုဗေးနီးယားပါတီ (New Slovenia party) သည် ၇ ရာခိုင်နှုန်း၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social Democrats) သည်            ၆ ရာခိုင်နှုန်းနှင့် လက်ဝဲပါတီ (Left party) သည် ၄ ရာခိုင်နှုန်းအသီးသီးရရှိခဲ့ပြီး အတိုက်အခံလွတ်လပ်ရေးလှုပ်ရှားမှုပါတီ (Freedom Movement) သည် မဲအရေ အတွက် ၃၄ ရာခိုင်နှုန်းနီးပါးရရှိ၍ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါရွေးကောက်ပွဲ ရလဒ်များအရ ရွေးကောက်ပွဲသို့အသစ်ဝင်ရောက်လာသည့် Freedom Movement ပါတီအနေဖြင့် လက်ဝဲစွန်းပါတီငယ်များနှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စီစဉ် လုပ်ဆောင်သွားနိုင်ဖွယ်ရှိပါသည်။

              ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် Freedom Movement ပါတီခေါင်းဆောင် ရောဘတ်ဂိုလော့ဘ် (Robert Golob) သည် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ခံစားနေရခြင်းကြောင့် ၎င်း၏နေအိမ်မှနေ၍ ထောက်ခံသူများကို ဗီဒီယိုမိန့်ခွန်းပြောကြား ခဲ့ပါသည်။ အလားတူ ဝန်ကြီးချုပ် ဂျန်ဆာအနေဖြင့်လည်း ၎င်းအားမဲပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆလိုဗေးနီးယား ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁.၇ သန်း (ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းကျော်) ဝင်ရောက်မဲပေးခဲ့ကြပြီး ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ၅၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည့်အတွက် ယခုရွေးကောက်ပွဲ၏ မဲပေးသူအရေအတွက်မှာ ပုံမှန်ထက်ပိုမိုများပြားခဲ့ပါသည်။ ဆလိုဗေးနီးယားရွေးကောက်ပွဲသည် ဆလိုဗေးနီးယား နိုင်ငံအတွက် အနာဂတ်ဆန္ဒခံယူပွဲတစ်ခုဖြစ်ကြောင်း အတိုက်အခံလစ်ဘရယ်ပါတီများက ပြောကြားခဲ့ပါသည်။ ယေဘုယျအားဖြင့် နိုင်ငံရေးအခွင့်အရေးနှင့် ပြည်သူ့လွတ်လပ်မှုကို လေးစားမှုရှိသော်လည်း လက်ရှိလက်ယာယိမ်းအစိုးရသည် မီဒီယာနှင့်တရားစီရင်ရေး အပါအဝင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီအဖွဲ့အစည်းများကို မှေးမှိန်ယုတ်လျော့ လာစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း Freedom House ဒီမိုကရေစီစောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment