Sunday, April 24, 2022

ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှရေနံတင်သွင်းမှုများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် ပြင်ဆင်လျက်ရှိခြင်း

 


Thenewdaily; Apr-25(Mon)

 

              ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှရေနံတင်သွင်းမှုများအပေါ် ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများချမှတ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း ဥရောပကော်မရှင်၏ အလုပ်မှုဆောင် ဒုတိယဥက္ကဋ္ဌ ဗယ်လ်ဒစ်ဒမ်ဗရော့ဗ်စကီ (Valdis Dombrovskis) ၏ ပြောကြားချက်ကို ကိုးကား၍  The Times သတင်းဌာနက ဧပြီလ ၂၅ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံမှရေနံတင်သွင်းမှုအပေါ် အရေးယူပိတ်ဆို့မှု ချမှတ်မည့် အသေးစိတ်အချက်အလက်အား အတည်ပြုထုတ်ပြန်ရခြင်းမရှိသေးသော်လည်း ၎င်းနိုင်ငံမှ ရေနံဝယ်ယူတင်သွင်းမှုများအား တဖြည်းဖြည်းရပ်ဆိုင်းသွားခြင်း၊ သို့မဟုတ် အခွန်စည်းကြပ်ခြင်းများ ပြုလုပ်ခြင်းတို့ပါဝင်နိုင်ဖွယ်ရှိကြောင်း ဒမ်ဗရော့ဗ်စကီက ပြောကြားခဲ့ပါသည်။ ပိုလန်၊ လစ်သူရေးနီးယားပါအဝင် ယူကရိန်းနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချို့အနေဖြင့် ရုရှားနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုအား ပိတ်ပင်တားမြစ်ရန် လိုလားလျက်ရှိသော်လည်း ဂျာမနီနှင့် ဟန်ဂေရီနိုင်ငံတို့ကမူ ရေနံ တင်သွင်းမှုချက်ချင်းပိတ်ပင်ရေးကို ဆန့်ကျင်ကန့်ကွက်လျက်ရှိပါသည်။  

          ရုရှားနိုင်ငံသည် ဥရောပနိုင်ငံများအတွက် ရေနံအများဆုံးတင်ပို့လျက်ရှိသည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဝယ်ယူတင်သွင်းလျက် ရှိသည့် ရေနံ ၂၆ ရာခိုင်နှုန်းမှာ ရုရှားနိုင်ငံမှဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ရုရှား နိုင်ငံ၏ ပို့ကုန်ဝင်ငွေသုံးပုံတစ်ပုံကျော်မှာ ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ရရှိ ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဥရောပနိုင်ငံများသည် ရုရှားနိုင်ငံမှ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ သန်းတန်ဖိုးရှိ ရေနံစိမ်းနှင့် သန့်စင်ပြီးရေနံများအားလည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်တန်ဖိုးရှိ သဘာဝဓာတ်ငွေ့အားလည်းကောင်း၊ အမေရိကန်ဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ ကျောက်မီးသွေးအားလည်းကောင်း အသီးသီး ဝယ်ယူတင်သွင်းလျက်ရှိသည်ဟု ဘရပ်ဆဲလ်အခြေစိုက် Bruegel အမည်ရှိ အကြံပေး အဖွဲ့က ပြောကြားထားကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              ရုရှားနိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခနောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ဥရောပသမဂ္ဂအပါအဝင် အမေရိကန်နှင့်မဟာမိတ်များ၏ အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။ ထို့ပြင် အနောက်နိုင်ငံများသည် ရုရှားနိုင်ငံရှိ အဓိက ဘဏ်ကြီးများကိုလည်း ကမ္ဘာ့လုံးဆိုင်ရာငွေပေးချေမှုစနစ်(SWIFT)မှ ထုတ်ပယ်ခဲ့ပါသည်။ ထိုကဲ့သို့ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးမှာယိုယွင်းလာခဲ့သည့် အပြင် ရူဘယ်လ်တန်ဖိုးလည်း များစွာကျဆင်းလာခဲ့ပါသည်။ ရုရှားနိုင်ငံ၏စီးပွားရေးသည် ပြည်ပနိုင်ငံများသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုအပေါ် အဓိကမှီခိုရလျက် ရှိပါသည်။ ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံအတွက် စွမ်းအင်တင်ပို့မှုဆိုင်ရာ အကြီးဆုံး ဈေးကွက်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ဥရောပနိုင်ငံများ၏ရေနံလိုအပ်ချက် ၂၆ ရာခိုင်နှုန်းမှာ ရုရှားနိုင်ငံမှဝယ်ယူတင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ဥရောပ နိုင်ငံများသို့ စွမ်းအင်တင်ပို့မှုမှဝင်ငွေအမြောက်အမြား ရရှိလျက်ရှိသောကြောင့် ဥရောပ သမဂ္ဂအနေဖြင့် ရုရှားနိုင်ငံ၏ဝင်ငွေလမ်းကြောင်းအား ဖြတ်တောက်နိုင်ရေးအတွက် ယခုကဲ့သို့ ရုရှားမှရေနံတင်သွင်းမှုအပေါ် အရေးယူပိတ်ဆို့မှုချမှတ်ရန်စီစဉ်နေကြောင်း တွေ့ရှိရပါ သည်။ ဥရောပသမဂ္ဂအနေဖြင့် ရုရှားမှရေနံတင်သွင်းမှုအပေါ် အရေးယူပိတ်ဆို့မှုချမှတ် ခဲ့မည်ဆိုပါက ရုရှားစီးပွားရေးအပေါ်အကျိုးသက်ရောက်မှုထက် ရုရှားစွမ်းအင်ကို အဓိက မှီခိုအားထားလျက်ရှိသည့် ဂျာမနီနိုင်ငံကဲ့သို့သော ဥရောပနိုင်ငံများမှာ စွမ်းအင်မလောက်ငှ မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့်အပြင် ဥရောပနိုင်ငံများအတွင်း ရေနံ ဈေးနှုန်းများမှာလည်း တစ်ဟုန်ထိုးမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။

No comments:

Post a Comment