APnews; Apr-26 (Tue)
ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် သဘာဝဓာတ်ငွေ့ဝယ်ယူမှုတွင် ရူဘယ်လ် ငွေကြေးဖြင့် ပေးဆောင်ရမည်ဟူသော အဆိုပြုချက်ကို ငြင်းဆန်ခဲ့သောကြောင့် ရုရှား နိုင်ငံသည် ၎င်းတို့နိုင်ငံသို့ ပေးပို့လျက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ဖြတ်တောက် ခဲ့ကြောင်း ပိုလန်နှင့် ဘူလ်ဂေးရီးယားအာဏာပိုင်များက ဧပြီလ ၂၆ ရက်တွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် Gazprom ကုမ္ပဏီကလည်း ဧပြီလ ၂၇ ရက်မှစတင်ကာ ဓာတ်ငွေ့ပေးပို့မှုကို ရပ်ဆိုင်းသွားမည်ဟုလည်း ၎င်းတို့ နှစ်နိုင်ငံအား အသိပေးပြောကြားထားကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ယူကရိန်းအပေါ် ရုရှားတို့ စစ်ရေးတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းမှစတင်ကာ ပိုလန်သည် ယူကရိန်းနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးအပ်လာသကဲ့သို့ ဘူလ်ဂေးရီးယားနိုင်ငံသည်လည်း ရုရှားနှင့်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ယူကရိန်းအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အခြားသောဥရောပနိုင်ငံများနှင့် ပူးပေါင်းကာ အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံကလည်း တန်ပြန်ဆောင်ရွက်သည့်အနေဖြင့် ၎င်းတို့ နိုင်ငံမှ ပေးပို့လျက်ရှိသည့် သဘာဝဓာတ်ငွေ့များနှင့်ပတ်သက်၍ ငွေပေးချေရာတွင် ဒေါ်လာနှင့် ယူရိုငွေကြေးအစား ရုရှားနိုင်ငံသုံး ရူဘယ်လ်ငွေကြေးဖြင့် ပေးချေရမည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါကြေညာချက်နှင့်ပတ်သက်၍ ဟန်ဂေရီနိုင်ငံ တစ်နိုင်ငံတည်းကသာ လိုက်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အခြားသော နိုင်ငံများကမူ ငြင်းပယ်ခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အပေါ် ဓာတ်ငွေ့ထောက်ပံ့မှုကို ဧပြီလ ၂၇ ရက်မှစတင်ကာ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ရုရှားနိုင်ငံက တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များ ဆောင်ရွက်နေသည့်နည်းတူ တစ်ဖက်တွင်လည်း ပိုလန်သည် ရုရှား၏ စွမ်းအင်ကဏ္ဍအပေါ် မှီခိုအားထားမှုများကိုလျှော့ချရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်နှစ်များအတွင်း၌ ဘောလ်တစ်ပင်လယ်ကမ်းရိုးတန်းရှိ မြို့တစ်မြို့တွင် နိုင်ငံ၏ ပထမဆုံး သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas-LNG) ဆိပ်ကမ်းအား ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင်လည်း နော်ဝေနိုင်ငံမှ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု သွယ်တန်းတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် ဘူလ်ဂေးရီးယားနိုင်ငံကလည်း နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီများသည် ဓာတ်ငွေ့အရင်းအမြစ်ရရှိရေးအတွက် အတူတကွ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အနေဖြင့် စီစဉ်ဆောင်ရွက်ထားသည့် ကိစ္စရပ် များအား အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ရုရှား၏ စွမ်းအင်ကဏ္ဍအပေါ် မှီခိုအားထားမှုများ လျှော့ချနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။
No comments:
Post a Comment