Tuesday, April 26, 2022

တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြားဖြစ်ပေါ်လျက်ရှိသည့် ဆက်ဆံရေးတင်းမာ မှုများကို အဆုံးသတ်ရန် တူရကီသမ္မတသည် ယခုသီတင်းပတ်အတွင်း ဆော်ဒီသို့ သွားရောက်မည်ဆိုခြင်း

Avhal news; Apr-26 (Tue)

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ဧပြီလ ၂၈ ရက်တွင် သွားရောက်၍ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့်တွေ့ဆုံရန် ပြင်ဆင်လျက်ရှိကြောင်း Middle East Eye သတင်းဌာနကဖော်ပြခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ ဆော်ဒီ အာရေဗျကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီအာရေဗျအတိုက်အခံသတင်းထောက် ဂျမေးလ်ခါရှော့ဂီ (Jamal Khoshoggi) သတ်ဖြတ်ခံရပြီးနောက် ယိုယွင်းလာခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြုပြင်ရန် ကြိုးပမ်းမှုအဖြစ် အဆိုပါခရီးစဉ်အား သွားရောက်ရန် စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့၏ ဆက်ဆံရေးသည် ၁၉ ရာစုမှစ၍ ရှုပ်ထွေးသောဆက်နွှယ်မှုများ ရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ်က ဆော်ဒီအာရေဗျ သတင်းထောက် ဂျမေးလ်ခါရှော့ဂီ သတ်ဖြတ်ခံခဲ့ရမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို တင်းမာလာစေခဲ့ပါ သည်။ ဂျမေးလ်ခါရှော့ဂီသည် ထင်ရှားကျော်ကြားသည့် သတင်းသမားတစ်ယောက် ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီသံရုံးသို့သွားရောက်စဉ် အသတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါလုပ်ကြံသတ်ဖြတ်မှုသည် ဆော်ဒီအာရေဗျထောက်လှမ်းရေးသမားများ၏ လုပ်ရပ်ဖြစ်ကြောင်း တူရကီအာဏာပိုင် များက ပြောကြားခဲ့သော်လည်း ဆော်ဒီအာရေဗျအစိုးရအရာရှိများကမူ ၎င်းတို့၏လုပ်ရပ် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၄ နှစ် အကြာဖြစ်သည့် ၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်တွင် တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) နှင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ်ဘင်ဖာဟန် အယ်လ်ဆော့ဒ် (Faisal bin Farhan Al Saud) တို့သည် နှစ်နိုင်ငံအကြားဖြစ်ပေါ် လျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးသည် လိပ်ခဲတည်းလည်းအနေအထားတွင်သာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် နှစ်နိုင်ငံအကြား ယိုယွင်းပျက်စီးလျက်ရှိသည့် ဆက်ဆံရေးကို ပြုပြင်ရန် ကြိုးပမ်းမှုအဖြစ် ဧပြီလ ၂၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ရန်စီစဉ်ခဲ့သော်လည်း အချိန်ဇယားရေးဆွဲမှု ပြဿနာများအရ လာမည့် မေလအထိ ကြန့်ကြာနိုင်မည်ဖြစ်ပါသည်။ အာဒိုဂန်၏ ဆော်ဒီအာရေဗျခရီးစဉ်သည် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် စီးပွားရေးအကျပ်အတည်းများအတွက် အရင်းအနှီးနှင့် ရင်းနှီးမြှုပ်နှံမှုများ ရယူရန်အပြင် ဆော်ဒီအာရေဗျနိုင်ငံနှင့် ဆက်ဆံရေးကိုမြှင့်တင်နိုင် စေရန်အတွက်လည်းဖြစ်ပါသည်။ သို့ဖြစ်၍ ယခုကဲ့သို့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များအား အတူတကွလုပ်ဆောင်ခြင်းအပြင် ဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်သွားနိုင်မည်ဆိုပါက ယခင်ဖြစ်ပေါ်ခဲ့သည့် ဆက်ဆံရေး တင်းမာမှုများကို ပြေလျော့စေနိုင်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment