Wednesday, April 6, 2022

အမေရိကန်သည် F-16 တိုက်လေယာဉ်များအား တူရကီသို့ ရောင်းချသွားရန် စီစဉ်လျက်ရှိခြင်း

 

Anadolu Agency;Apr-7(Thu)  

              အမေရိကန်က တူရကီနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချပေးမည့် ကိစ္စရပ်သည် NATO အဖွဲ့၏ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအားကောင်းလာစေနိုင် သည့်အပြင် အမေရိကန်၏အကျိုးစီးပွားကိုလည်း အကျိုးအမြတ်ရရှိစေကြောင်း အမေရိကန် အစိုးရအဖွဲ့က ကွန်ဂရက်သို့ပေးပို့သည့် ရောင်းချပေးမှုဆိုင်ရာအကြောင်းကြားစာတွင် ရေးသားဖော်ပြထားသည်ဟု Anadolu Agency သတင်းဌာနက ဧပြီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် F- 16 တိုက်လေယာဉ် အစီး ၄၀ ဝယ်ယူရန် အပါအဝင် နိုင်ငံအတွင်း လက်ရှိအသုံးပြုနေသည့် F-16 လေယာဉ်အုပ်အား အဆင့် မြှင့်တင်နိုင်ရေးအတွက် ဆက်စပ်ပစ္စည်းများဝယ်ယူရရှိရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်သို့ တောင်းဆိုထားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဝယ်ယူရေးအစီအစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်မတ်လအတွင်း အမေရိကန်နှင့်ညှိနှိုင်း ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ တိုးတက်မှုများရရှိခဲ့ကြောင်း တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။

              NATO မဟာမိတ်အဖွဲ့အတွင်း စည်းလုံးညီညွတ်၍ အကျိုးစီးပွားများရရှိနေသရွေ့ အမေရိကန်အတွက်လည်း အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များ ရရှိနေမည်ဖြစ်ပြီး ၎င်းအကျိုးအမြတ်များသည် အမေရိကန်-တူရကီ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုဆက်ဆံရေးကိုလည်း ထောက်ပံ့ပေးနိုင်မည်ဟု  အမေရိကန်အစိုးရကယုံကြည် ကြောင်းကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဥပဒေပြုရေးဆိုင်ရာ ထိပ်တန်း အရာရှိဖြစ်သူ နတ်ဇ်ဒူရာကိုလူ (Naz Durakoglu) က အထက်လွှတ်တော်အမတ် ဖရန့်ခ်ပေါ်လူးနီး (Frank Pallone) ထံပေးပို့ခဲ့သော စာတစ်စောင်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ F-16 တိုက်လေယာဉ်ရောင်းချပေးမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အတည်ပြုပါက ကွန်ဂရက်မှ ကြေညာချက်လိုအပ်မည်ဖြစ်ပါသည်။ အထက်ပါ ကိစ္စရပ်နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာကုန်သွယ်မှုစည်းမျဉ်းများ နှင့်အညီ ဆောင်ရွက်ရမည့်အပြင် ကွန်ဂရက်မှကြီးကြပ်မှုဖြင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်က တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်၍ ယခင်ဆွေးနွေးညှိနှိုင်း ခဲ့သည့် F-35 တိုက်လေယာဉ်ရောင်းချပေးမည့်အစီအစဉ်အား ရပ်ဆိုင်းထားခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။   

Anadolu Agency သတင်းဌာနက ဧပြီလ ၇ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနှင့် အမေရိကန်နိုင်ငံတို့သည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် နှစ်နိုင်ငံအကြား စစ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။ တူရကီနိုင်ငံသည် နိုင်ငံ၏လုံခြုံရေးအား အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူခြင်းနှင့် နိုင်ငံအတွင်းစမ်းသပ်မှုများပြုလုပ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ S-400 ဝယ်ယူမှုသည် ၎င်းတို့၏ F-35 တိုက်လေယာဉ်များအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဆိုသော အကြောင်းပြချက်ဖြင့် အပြင်းအထန်ကန့်ကွက်လျက် ရှိသည့်အပြင် F-35 တိုက်လေယာဉ်များရောင်းချပေးရန် စီစဉ်ထားမှုကိုရပ်ဆိုင်းခဲ့ပြီး တူရကီနိုင်ငံအတွင်း၌ အမေရိကန်နိုင်ငံနှင့် အကျိုးတူပြုလုပ်လျက်ရှိသည့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုကဏ္ဍအားရပ်ဆိုင်းခြင်းအပြင် အရေးယူပိတ်ဆို့မှုများလည်းချမှတ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့နောက် တူရကီသမ္မတသည် ဘိုင်ဒင်အစိုးရလက်ထက်တွင် နှစ်နိုင်ငံ အကြားဖြစ်ပေါ်လျက်ရှိသည့် သဘောထားတင်းမာမှုများကို လျှော့ချရန်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန်နှင့် ဒေသတွင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှု ရလဒ်များမြင့်မားလာစေရန် လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရှိရပါသည်။ ထို့ပြင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင်လည်း အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပြေငြိမ်းရေးတို့အတွက် ကြားဝင်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် အမေရိကန် အစိုးရသည် ၎င်း၏အကျိုးစီးပွားများနှင့် NATO အဖွဲ့ စည်းလုံးညီညွတ်မှုကို ခိုင်မာအားကောင်း စေရန်အတွက် တူရကီနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချမည့်ကိစ္စရပ်နှင့်ပတ်သက်၍ ကွန်ဂရက်ထံတင်ပြခဲ့ကြောင်းသိရှိရပါသည်။ သို့ဖြစ်၍ ကွန်ဂရက်အနေဖြင့် လက်နက် ရောင်းချရေးနှင့်ပတ်သက်၍ အတည်ပြုခဲ့မည်ဆိုပါက အမေရိကန်နိုင်ငံနှင့် တူရကီနိုင်ငံတို့ အကြား ဖြစ်ပေါ်လျက်ရှိသည့်တင်းမာမှုများနှင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်း ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးသစ်တစ်ရပ်ကိုလည်း ထူထောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment