Anadolu Agency;Apr-7(Thu)
အမေရိကန်က တူရကီနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချပေးမည့် ကိစ္စရပ်သည် NATO အဖွဲ့၏ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအားကောင်းလာစေနိုင် သည့်အပြင် အမေရိကန်၏အကျိုးစီးပွားကိုလည်း အကျိုးအမြတ်ရရှိစေကြောင်း အမေရိကန် အစိုးရအဖွဲ့က ကွန်ဂရက်သို့ပေးပို့သည့် ရောင်းချပေးမှုဆိုင်ရာအကြောင်းကြားစာတွင် ရေးသားဖော်ပြထားသည်ဟု Anadolu Agency သတင်းဌာနက ဧပြီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် F- 16 တိုက်လေယာဉ် အစီး ၄၀ ဝယ်ယူရန် အပါအဝင် နိုင်ငံအတွင်း လက်ရှိအသုံးပြုနေသည့် F-16 လေယာဉ်အုပ်အား အဆင့် မြှင့်တင်နိုင်ရေးအတွက် ဆက်စပ်ပစ္စည်းများဝယ်ယူရရှိရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်သို့ တောင်းဆိုထားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဝယ်ယူရေးအစီအစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်မတ်လအတွင်း အမေရိကန်နှင့်ညှိနှိုင်း ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ တိုးတက်မှုများရရှိခဲ့ကြောင်း တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။
NATO မဟာမိတ်အဖွဲ့အတွင်း စည်းလုံးညီညွတ်၍ အကျိုးစီးပွားများရရှိနေသရွေ့ အမေရိကန်အတွက်လည်း အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များ ရရှိနေမည်ဖြစ်ပြီး ၎င်းအကျိုးအမြတ်များသည် အမေရိကန်-တူရကီ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုဆက်ဆံရေးကိုလည်း ထောက်ပံ့ပေးနိုင်မည်ဟု အမေရိကန်အစိုးရကယုံကြည် ကြောင်းကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဥပဒေပြုရေးဆိုင်ရာ ထိပ်တန်း အရာရှိဖြစ်သူ နတ်ဇ်ဒူရာကိုလူ (Naz Durakoglu) က အထက်လွှတ်တော်အမတ် ဖရန့်ခ်ပေါ်လူးနီး (Frank Pallone) ထံပေးပို့ခဲ့သော စာတစ်စောင်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ F-16 တိုက်လေယာဉ်ရောင်းချပေးမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အတည်ပြုပါက ကွန်ဂရက်မှ ကြေညာချက်လိုအပ်မည်ဖြစ်ပါသည်။ အထက်ပါ ကိစ္စရပ်နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာကုန်သွယ်မှုစည်းမျဉ်းများ နှင့်အညီ ဆောင်ရွက်ရမည့်အပြင် ကွန်ဂရက်မှကြီးကြပ်မှုဖြင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်က တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်၍ ယခင်ဆွေးနွေးညှိနှိုင်း ခဲ့သည့် F-35 တိုက်လေယာဉ်ရောင်းချပေးမည့်အစီအစဉ်အား ရပ်ဆိုင်းထားခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment