Tuesday, May 31, 2022

တူရကီနှင့် ရုရှားသမ္မတတို့သည် ဆီးရီးယားအရေးကိစ္စများ၊ ယူကရိန်းအရေးကိစ္စများ နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 

Xinhua; May-31(Tue)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆီးရီးယားနှင့် ယူကရိန်းအရေးကိစ္စများကြောင့် တူရကီနိုင်ငံ၏လုံခြုံရေးဆိုင်ရာစိုးရိမ်မှု များနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် မေလ ၃၀ ရက်တွင်  တယ်လီဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တူရကီသမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့သည် ၂၀၁၉ ခုနှစ်တွင် အကြမ်းဖက်မှု ကင်းစင်ရေးဇုန်ထူထောင်ရေးနှင့်ပတ်သက်၍ သဘောတူညီချက်များပြုလုပ်ခဲ့သော်လည်း ကာ့ဒ် YPG တပ်ဖွဲ့များအနေဖြင့် တူရကီနှင့် ဆီးရီးယားအရပ်သားများကို ဆီးရီးယား နိုင်ငံ၌တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ၂၀၁၉ ခုနှစ် သဘောတူညီချက်တွင် အသေးစိတ်ဖော်ပြထားသည့် ၎င်းတို့၏နယ်စပ်တစ်လျှောက်မှ ဆီးရီးယားနိုင်ငံအတွင်း ကီလိုမီတာ ၃၀ ခန့်ပါဝင်သော အကြမ်းဖက်မှုကင်းစင်ရေးဇုန်ကို ထူထောင်နိုင်မည် မဟုတ်ကြောင်းနှင့် အဆိုပါနယ်မြေများဘေးကင်းလုံခြုံစေရေးသည် တူရကီနိုင်ငံအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။

          သမ္မတနှစ်ဦး၏ အထက်ပါဆွေးနွေးမှုသည် တူရကီနိုင်ငံတောင်ပိုင်းနယ်စပ်၌ ဘေးကင်းဇုန်ထူထောင်နိုင်ရေးအတွက် ဆီးရီးယားမြောက်ပိုင်း၌ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ရန်ပြင်ဆင်နေကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပြီးနောက် ဖြစ်ပေါ်လာ ခြင်းဖြစ်ပါသည်။ ထို့ပြင် အာဒိုဂန်သည် ရုရှား-ယူကရိန်းပဋိပက္ခ၏ ဆိုးကျိုးများကို လျှော့ချနိုင်ရေးအတွက် ရုရှားနှင့် ယူကရိန်းတို့အကြား၌ ငြိမ်းချမ်းရေးကို အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယုံကြည်မှုတည်ဆောက်မည့် ခြေလှမ်း များလိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှား၊ ယူကရိန်း၊ ကုလသမဂ္ဂတို့နှင့် တွေ့ဆုံဆွေးနွေးပွဲများကို အစ္စတန်ဘူလ်မြို့ (Istanbul) လက်ခံကျင်းပပေးရန်အသင့်ရှိကြောင်းနှင့် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် ဆွေးနွေးပွဲ ဆိုင်ရာစည်းမျဉ်းများကို သဘောတူညီမည်ဆိုပါက ဖြစ်နိုင်ခြေရှိသောစောင့်ကြည့်လေ့လာရေး နည်းလမ်းများတွင် ပါဝင်ရန်အသင့်ရှိကြောင်းကိုလည်း တူရကီသမ္မတ အာဒိုဂန်က ရုရှား သမ္မတ ပူတင်အား ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့ပြင် သမ္မတနှစ်ဦးသည် ယူကရိန်း အရေးကိစ္စအပြင် တူရကီ-ရုရှားဆက်ဆံရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment