Eurasiareview; May-16 (Mon)
NATO အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများသည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်မည့် ကိစ္စရပ်အပါအဝင် ယူကရိန်းနိုင်ငံအပေါ် NATO အဖွဲ့၏ ကူညီထောက်ပံ့မှုများကို အတည်ပြုရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ရန် မေလ ၁၅ ရက်တွင် ဂျာမနီနိုင်ငံ၌ တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်း Eurasiareview သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းအစည်းအဝေးတွင် NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာဂ် (Jens Stoltenberg) သည် ယူကရိန်းနိုင်ငံအပေါ် ထောက်ပံ့ကူညီရေး၊ NATO အဖွဲ့၏ ကာကွယ်ရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာစေရေး အပါအဝင် ယူကရိန်းအပေါ် ရုရှား၏စစ်ရေးတိုက်ခိုက်မှုများကြောင့် ရေရှည်ရိုက်ခတ်လာမည့် ပြဿနာရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် မဟာမိတ်အဖွဲ့၏ရပ်တည်ချက်အပေါ် အားဖြည့်ကူညီရေး၊ ကမ္ဘာလုံးဆိုင်ရာမိတ်ဖက် နိုင်ငံများအပေါ် ပံ့ပိုးကူညီရေးနှင့် မဟာမိတ်များ၏ မဟာဗျူဟာမြောက်အယူအဆ အသစ်များကို လက်ခံရေးအပါအဝင် NATO အဖွဲ့၏ အနာဂတ်ပြုပြင်ပြောင်းလဲမှုများအတွက် အသေးစိတ်စီမံချက်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် မျှော်မှန်းထား ကြောင်းကိုလည်း ဂျန်စတိုတန်ဘာဂ်က ဆက်လက်ပြောကြားခဲ့ပါသည်။
ဂျန်စတိုတန်ဘာဂ်သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နလီနာဘဲဘာ့ခ် (Annalena Baerbock) နှင့်အတူ အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင်လည်း ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် NATO အဖွဲ့၏ အနီးဆုံးမိတ်ဖက်နိုင်ငံများဖြစ်သည့်အပြင် NATO အဖွဲ့သို့ အမှန်တကယ်ဝင်ရောက်ခဲ့ပါက ဥရောပဒေသအတွက် သမိုင်းဝင်အထိမ်း အမှတ်တစ်ခုဖြစ်လာမည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဂျန်စတိုတန်ဘာဂ်က အချုပ်အခြာအာဏာပိုင်နိုင်ငံများအားလုံးသည် မိမိ၏ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ် ပိုင်ခွင့်ရှိသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment