Reuters; Jun-14(Tue)
တူရကီနိုင်ငံအနေဖြင့် အေဂျီယန် (Aegean) ကျွန်းစုများအပေါ်ထားရှိသည့် ဂရိ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မေးခွန်းထုတ်ခြင်းသည် အဓိပ္ပာယ်မရှိသည့် လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများပြုလုပ်ရန်လည်း ခက်ခဲလာစေမည် ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) က ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၏ ကုလသမဂ္ဂထံ နောက်ဆုံး ပေးပို့ထားသည့်စာတွင် အေဂျီယန်ကျွန်းစုများအပေါ် ဂရိ၏အချုပ်အခြာအာဏာနှင့် ပတ်သက်၍ မေးခွန်းထုတ်ထားသည့်အတွက် အဓိပ္ပာယ်မဲ့သည့် လုပ်ဆောင်ချက်ဖြစ် ကြောင်း မစ်ဆိုတားကစ်က ပြောကြားခဲ့ပါသည်။ NATO မဟာမိတ်နိုင်ငံများဖြစ်ကြသော ဂရိနှင့်တူရကီတို့သည် မြေထဲပင်လယ်အတွင်း ရေကြောင်းနယ်နိမိတ်ပိုင်ဆိုင်ခွင့်၊ ဝေဟင် ပိုင်နက်၊ ရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် ဆိုက်ပရပ်စ်လူမျိုးစုရေးရာကိစ္စရပ်များ နှင့်ပတ်သက်၍ ကာလကြာရှည်စွာ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိပါသည်။
ဂရိနိုင်ငံအနေဖြင့် စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ထားရှိသည့် အေဂျီယန်ပင်လယ် အတွင်းရှိ ကျွန်းစုများတွင် လက်နက်တပ်ဆင်ခြင်းအား ရပ်တန့်သင့်ပြီး နိုင်ငံတကာ သဘောတူညီချက်ပါအချက်များကို လေးစားလိုက်နာသင့်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မကြာသေးမီကာလအတွင်း ပြောကြားခဲ့ခြင်းကြောင့် ဂရိနှင့်တူရကီနိုင်ငံတို့အကြား တင်းမာမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၂၃ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် လောင်ဆန်နီ (Lausanne) စာချုပ်နှင့် ၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ပဲရစ် (Paris) သဘောတူစာချုပ်များအရ အေဂျီယန် ကျွန်းများကို ဂရိနိုင်ငံသို့လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းစာချုပ်များအရ အဆိုပါကျွန်းများတွင် တပ်ဖွဲ့ဝင်များနှင့်လက်နက်များ တပ်ဖြန့်ချထားခွင့်မရှိကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ NATO အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စ်စတိုတန်ဘာ့ဂ် (Jens Stoltenberg) အနေဖြင့်လည်း အခြေအနေကို ပိုမိုတင်းမာ စေနိုင်သည့်လုပ်ရပ်များ၊ သို့မဟုတ် စကားလုံးအသုံးအနှုန်းများကို ရှောင်ကြဉ်ကြရန် ဂရိနှင့် တူရကီနိုင်ငံတို့ကို တိုက်တွန်းပြောကြားထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment