Wednesday, June 1, 2022

တူရကီ၏ ဆီးရီးယားနိုင်ငံအတွင်းပြုလုပ်မည့် စစ်ဆင်ရေးသည် အလက်ပိုမြို့အနီးရှိ နယ်မြေများအား ပစ်မှတ်ထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း

 

Xinhua;Jun-1(Wed)

               ဆီးရီးယားနိုင်ငံတွင်ပြုလုပ်မည့် တူရကီ၏ စစ်ဆင်ရေးအသစ်သည် အလက်ပို (Aleppo) မြို့မြောက်ပိုင်းအနီးရှိ တဲရစ်ဖာ (Tell Rifaat) နှင့် မန်းဘစ် (Manbij) နယ်မြေ များတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးသည် ဆီးရီးယားနိုင်ငံနှင့်ထိစပ်လျက်ရှိသော တူရကီတောင်ပိုင်းနယ်စပ်တစ်လျှောက်မှ ကီလိုမီတာ ၃၀ ရှိသော ဘေးကင်းဇုန်တစ်ခုဖန်တီးရန် ဆုံးဖြတ်ချက်၏ အဆင့်သစ်တစ်ခုသို့ရောက်ရှိ နေပြီဖြစ်ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်သမားများအခြေပြုလျက်ရှိသည့် တဲရစ်ဖာနှင့် မန်းဘစ်နယ်မြေများအား ရှင်းလင်းရန်စီစဉ်လျက်ရှိပြီး နောက်ပိုင်းတွင် အခြားဒေသများ၌လည်း အလားတူစစ်ဆင်မှုအား အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သမ္မတ အာဒိုဂန်က အာဏာရတရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Justice and Development Party) ၏ လွှတ်တော်အမတ်များနှင့်ပြုလုပ်ခဲ့သည့်အစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။ 

              ထို့ပြင် ဆီးရီးယားမြောက်ပိုင်းရှိ တူရကီထိန်းချုပ်နယ်မြေများနှင့်ချိတ်ဆက်ရန် ကြိုးပမ်းမှုအဖြစ် ဆီးရီးယားရှိ ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) ကိုလည်း မကြာမီကာလအတွင်း စစ်ဆင်ရေးအသစ်တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။ တူရကီတပ်ဖွဲ့များနှင့် YPG စစ်သွေးကြွများသည် ဒေသတွင်း၌ အပြန်အလှန်ပစ်ခတ်မှုများကို မကြာခဏပြုလုပ်လျက်ရှိပြီး ၎င်းတို့အကြား ထိတွေ့တိုက်ခိုက်မှုများသည် ယခုနှစ်အစောပိုင်းမှစ၍ အရှိန်မြှင့်လာခဲ့ပါသည်။ တူရကီ စစ်ဘက်သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ ၂၀၁၆ ခုနှစ်တွင် Operation Euphrates Shield ၊ ၂၀၁၈ ခုနှစ်တွင် Operation Olive Branch ၊ ၂၀၁၉ ခုနှစ်တွင် Operation Peace Spring နှင့် ၂၀၂၀ ပြည့်နှစ်တွင် Operation Spring Shield တို့အား ပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးများပြုလုပ်ခြင်းသည် တူရကီနိုင်ငံအပေါ်ကျရောက်လာနိုင်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများအား ဖယ်ရှားနိုင်ရန်နှင့် ဆီးရီးယားဒုက္ခသည်များနေရပ် ပြန်နိုင်ရေး လွယ်ကူချောမွေ့စေမည့် ဘေးကင်းဇုန်တစ်ခုဖန်တီးနိုင်ရန် ရည်ရွယ်ခြင်းဖြစ် သည်ဟု တူရကီအာဏာပိုင်များက ပြောကြားထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment