Ahvalnews; Jun-6(Mon)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆွီဒင်နိုင်ငံအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သို့ ဝင်ရောက်နိုင်ရန် အတွက် တူရကီနိုင်ငံ၏ အတည်ပြုထောက်ခံချက်ကို ရရှိလိုပါက ဆွီဒင်ကာကွယ်ရေး ဝန်ကြီး ပီတာဟော့ဗစ် (Peter Hultqvist) ကို ရာထူးမှထုတ်ပယ်ရန် ဆွီဒင်ဝန်ကြီးချုပ် မာဂယ်လီနာအန်ဒါဆန် (Magdalena Andersson) အား တောင်းဆိုခဲ့ကြောင်း ဆွီဒင် သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီး ဟော့ဗစ်သည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆွီဒင်နိုင်ငံ ဘော်လန်ဂျီ (Borlange) မြို့၌ တရားမဝင် ကျင်းပပြုလုပ်ခဲ့သည့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) ၏ အခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်းကြောင့် အာဒိုဂန်က အထက်ပါ အတိုင်း တောင်းဆိုမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အာဒိုဂန်၏ အထက်ပါတောင်းဆိုချက်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးကိုသာ လိုလားသူဖြစ်ကြောင်းနှင့် မည်သည့် အကြမ်းဖက်မှုမျိုးကိုမဆို ထောက်ခံခြင်းမရှိကြောင်း ဟော့ဗစ်က တုံ့ပြန်ပြောကြားခဲ့ပါ သည်။ ၂၀၁၁ ခုနှစ်တွင် ကျင်းပခဲ့သည့် PKK အဖွဲ့၏ အခမ်းအနားသို့တက်ရောက်ခဲ့သည့် အချိန်တွင် ဟော့ဗစ်သည် ဆွီဒင်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ကာကွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါသည်။
တူရကီစစ်ဘက်ကိုဆန့်ကျင်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆယ်စုနှစ် ၄ စုကြာ တိုက်ပွဲဆင်နွှဲလျက်ရှိသည့် PKK ၏ စစ်ဆင်ရေးဆောင်ရွက်မှုများအပေါ် ထောက်ပံ့ ပေးခြင်းနှင့် လက်ခံမှုများရှိနေသရွေ့ ဆွီဒင်နှင့် ဖင်လန်တို့၏ နေတိုးအဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်းမှုကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့မှ အကြီးတန်းအရာရှိများသည် ပြီးခဲ့သည့် သီတင်းပတ်တွင် တူရကီနိုင်ငံသို့သွားရောက်ခဲ့ပြီး NATO အဖွဲ့သို့ ၎င်းတို့နိုင်ငံများ ဝင်ရောက်ရေးနှင့် ပတ်သက်၍ တူရကီနိုင်ငံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တူရကီနိုင်ငံမှ ဆန့်ကျင် ကန့်ကွက်လျက်ရှိသည့် ကိစ္စရပ်ကို ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း အနည်းငယ်သာ တိုးတက်မှုရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ကြပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် အကြမ်းဖက်သမားဒါဇင်ပေါင်းများစွာကို လွှဲပြောင်းပေးသွားမည် ဆိုသည့် သဘောတူညီချက်ကိုလည်း လွန်ခဲ့သော ၅ နှစ်မှစ၍ ချိုးဖောက်ခဲ့ကြောင်း တူရကီအရာရှိများက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ၎င်းအပေါ်ချမှတ်ထားသော လက်နက်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန်အတွက် ၎င်းနော်ဒစ် ၂ နိုင်ငံအား ၂၀၁၉ ခုနှစ်တွင် တိုက်တွန်းပြောကြားမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment