Aljazeera; Jun-2 (Thu)
တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ထပ်မံမပြုလုပ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားခဲ့ကြောင်း Aljazeera သတင်းဌာနက ဇွန်လ ၂ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆီးရီးယား မြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွများကို ပစ်မှတ်ထားတိုက်ခိုက်မည့် စစ်ရေးလှုပ်ရှားမှု များကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပြီးနောက် ရုရှားနိုင်ငံ၏ အထက်ပါတိုက်တွန်းမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် ဆီးရီးယား နိုင်ငံအနေဖြင့် အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း၊ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံတွင် ပိုမိုဆိုးရွားသောအခြေအနေများကို ဖြစ်ပေါ်လာစေမည့်လုပ်ရပ် များအား ရှောင်ကြဉ်မည်ဟု မျှော်လင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zakharova) က ဇွန်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆီးရီးယားအစိုးရ၏ သဘောတူညီချက်မရရှိဘဲ ထိုးစစ်ဆင်ခြင်းသည် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်ရာ ရောက်စေမည့်အပြင် ဆီးရီးယားနိုင်ငံအတွင်း၌လည်း တင်းမာမှုများထပ်မံဖြစ်ပေါ် စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ဆီးရီးယားနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက် ရှိသည့် အမျိုးသားရေးခြိမ်းခြောက်မှုများနှင့်စပ်လျဉ်း၍ တူရကီနိုင်ငံအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို ၎င်းတို့အနေဖြင့် အသိအမှတ်ပြုသော်လည်း ဆီးရီးယား စစ်ဘက်အနေဖြင့် ၎င်းဒေသများ၌ တပ်ဖြန့်ချထားမှုများ ပြုလုပ်ခဲ့မည်ဆိုပါက အဆိုပါ စိုးရိမ်ပူပန်မှုများမှာ လျော့ကျသွားနိုင်ကြောင်း ဇာခါရိုဗာက ထပ်လောင်းပြောကြားခဲ့ ပါသည်။ နိုင်ငံ၏ တောင်ပိုင်းနယ်စပ်တစ်လျှောက်တွင် ၃၀ ကီလိုမီတာရှိသည့် လုံခြုံရေး နယ်မြေသတ်မှတ်နိုင်ရန်အတွက် နောက်ထပ်အဆင့်တစ်ဆင့်ကို လုပ်ဆောင်နေသည့် အပြင် ဆီရီးယားနိုင်ငံမြောက်ပိုင်းရှိ (Tal Rifat) မြို့နှင့် (Manbij) မြို့တို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ဇွန်လ ၁ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Protection Units-YPG) သည် ဆီးရီးယားနိုင်ငံနယ်စပ်ရှိ တူရကီလုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟု တူရကီအစိုးရက စွပ်စွဲပြောကြားမှုများ ပြုလုပ် ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment