Reuters; Jun-5(Sun)
အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces-SDF) အနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ လုပ်ဆောင်မည့် တူရကီနိုင်ငံ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကာကွယ်တားဆီးရန်အတွက် ဆီးရီးယား အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆီးရီးယားစစ်ဘက်အနေဖြင့် တူရကီတိုက်လေယာဉ်များကို ဟန့်တားတိုက်ခိုက်နိုင်ရန်အတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အသုံးပြုသင့်ကြောင်း SDF တပ်ဖွဲ့အကြီးအကဲဖြစ်သူ မက်ဇ်လိုရန် အဗ္ဗဒီ (Mazloum Abdi) က ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု Reuters သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ SDF အနေဖြင့် ၎င်းကဲ့သို့ ဆီးရီးယားအစိုးရနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ခြင်းသည် လက်ရှိအခြေအနေမှ အကျိုးအမြတ်များ ရရှိရေးအတွက် အခွင့်ကောင်းရယူရန်မဟုတ်ဘဲ နိုင်ငံ၏နယ်မြေကာကွယ်ရေးအတွက်သာ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့် စည်းမျဉ်း များအပေါ် ခြိမ်းခြောက်မှုဖြစ်စေမည်မဟုတ်ကြောင်းလည်း မက်ဇ်လိုရန်အဗ္ဗဒီက ထည့်သွင်း ပြောကြားခဲ့ပါသည်။
ရုရှားနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးတို့အကြား မကြာမီပြုလုပ်မည့်ဆွေးနွေးမှုသည် တင်းမာမှုများကို လျော့ကျသွားနိုင်ဖွယ်ရှိသော်လည်း ဆီးရီးယားနိုင်ငံမြောက်ပိုင်းအပေါ် တူရကီနိုင်ငံ၏ ဒရုန်းတိုက်ခိုက်မှုများသည် ရပ်တန့်သွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တူရကီ နိုင်ငံမှ စစ်ရေးတိုက်ခိုက်မှုများ လုပ်ဆောင်လာပါက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သောရာဇဝတ်မှုအဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ထားပါသည်။ တစ်ဖက်တွင်လည်း တူရကီနိုင်ငံသည် ဆီးရီးယားအစိုးရတပ်ဖွဲ့ များနှင့် SDF အဖွဲ့တို့အား ဆန့်ကျင်တိုက်ခိုက်လျက်ရှိသော သူပုန်အဖွဲ့များကို ထောက်ပံ့ ကူညီထားပါသည်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပို (Aleppo) ပြည်နယ်ရှိ SDF အဖွဲ့ထိန်းချုပ်ထားသော တဲရစ်ဖာ (Tal Rifaat) မြို့နှင့် မန်ဘစ် (Manbij) မြို့တို့ကို တိုက်ခိုက်ရန် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဆုံးဖြတ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment