Sunday, July 17, 2022

မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲများ စတင်ရန် ပြင်သစ်၏အဆိုပြုချက်ကို အတည်ပြုခဲ့ခြင်း

Xinhua;Jul-17(Sun)

မြောက်မက်ဆီဒိုးနီးယားလွှတ်တော်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ဆွေးနွေးပွဲများစတင်နိုင်ရန် စေ့စပ်ညှိနှိုင်းရေးမူဘောင်နှင့်ပတ်သက်၍ အာဏာရပါတီက တင်ပြထားသည့် ပြင်သစ်၏အဆိုပြုချက်အပေါ် အဆုံးသတ်အတည်ပြုနိုင်ရေးအား ဇူလိုင်လ ၁၆ ရက်က မဲခွဲဆုံးဖြတ်ခဲ့ပါသည်။ မြောက်မက်ဆီဒိုးနီးယားအာဏာရပါတီ မက်ဆီဒိုးနီးယား ဆိုရှယ်ဒီမိုကရက်တစ်သမဂ္ဂ (Social Democratic Union of Macedonia-SDSM) နှင့် စည်းလုံးညီညွတ်သော ဒီမိုကရက်တစ်သမဂ္ဂ (Democratic Union for Integration-DUI) ပါတီများမှ တင်သွင်းသော အဆိုပါမူကြမ်းကို လွှတ်တော်အမတ် ၁၂၀ တွင် ၆၈ ဦးမှ မဲပေးခဲ့ကြပြီး အဆိုပါမဲခွဲမှုတွင် အတိုက်အခံလွှတ်တော်အမတ်များ ပါဝင်ခဲ့ခြင်းမရှိပေ။ ဘူလ်ဂေးရီးယားနှင့်ဖြစ်ပွားနေသော ပဋိပက္ခများအားဖြေရှင်းရန် ဇွန်လ ၃၀ ရက်တွင် ပြင်သစ်ကပေးပို့ခဲ့သည့် မြောက်မက်ဆီဒိုးနီးယားနှင့်ဆိုင်သော စေ့စပ်ညှိနှိုင်းမှုမူဘောင် အား လွှတ်တော်တွင် ၃ ရက်ကြာ ဆွေးနွေးငြင်းခုံမှုများပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

အဆိုပါမူကြမ်းတွင် မြောက်မက်ဆီဒိုးနီးယားပြည်သူများ၏ ကိုယ်ပိုင်လက္ခဏာ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအထောက်အထားများအား အကြွင်းမဲ့ လေးစားလိုက်နာရန် မြောက်မက်ဆီဒိုးနီးယားအစိုးရအား တိကျရှင်းလင်းစွာတောင်းဆို ထားပါသည်။ လွှတ်တော်အမတ်များအနေဖြင့် ပြင်သစ်မှအဆိုပြုသည့်မူကြမ်းအား ထောက်ခံသင့်ပြီး ထိုမှသာ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးပွဲများအား ရှေ့လာမည့် ရက်သတ္တပတ်ကာလများတွင် ဆောလျင်စွာကျင်းပနိုင်မည်ဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယမ် (Ursula von der Leyen) က မြောက်မက်ဆီဒိုးနီယား လွှတ်တော်၌ ဇူလိုင်လ ၁၄ ရက်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် မြောက်မက်ဆီဒိုးနီးယားဘာသာစကားသည် ဘူလ်ဂေးရီးယား မှဆင်းသက်လာသည်ကို လက်ခံရန်နှင့် ၎င်းနိုင်ငံအတွင်းရှိ ဘူလ်ဂေးရီးယားလူမျိုးစု များအား အသိအမှတ်ပြုရန် မြောက်မက်ဆီဒိုးနီးယားထံ တောင်းဆိုလျက်ရှိပြီး မြောက်မက်ဆီဒိုးနီးယား၏ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက် ကြိုးပမ်းမှုများကိုလည်း ဗီတိုအာဏာသုံးကာ ပိတ်ပင်ခဲ့ပါသည်။ သို့သော် ဇွန်လ ၂၄ ရက်တွင် ဘူလ်ဂေးရီးယား နိုင်ငံသည် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးနှင့်ပတ်သက်သည့် ပိတ်ဆို့ထားသော ၎င်းတို့၏ ၂ နှစ်တာ ဗီတိုအာဏာကိုဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် ဥရောပသမဂ္ဂအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးပွဲများအား မြောက်မက်ဆီဒိုးနီးယားနိုင်ငံအပြင် အယ်လ်ဘေးနီးယားနိုင်ငံနှင့်ပါ မကြာမီ စတင် ကျင်းပမည်ဖြစ်ပါသည်။ မြောက်မက်ဆီဒိုးနီးယားနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ဉရောပသမဂ္ဂနှင့် ၎င်းတို့အစိုးရများအကြား ပထမဆုံး အကြိမ် ဆွေးနွေးပွဲကျင်းပနိုင်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment