Trtworld; Jul-18(Mon)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (Ebrahim Raisi) ၏ ဖိတ်ကြားချက်ဖြင့် ဇူလိုင်လ ၁၈ ရက်မှ ၁၉ ရက်အထိ အီရန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တူကီယဲသမ္မတရုံးက ဇူလိုင်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တူကီယဲ-အီရန်အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ သတ္တမအကြိမ်မြောက်အစည်းအဝေးကို အီရန်နိုင်ငံ မြို့တော် တီဟီရန် (Tehiran) ၌ ဇူလိုင် ၁၉ ရက်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းအစည်းအဝေး၌ အာဒိုဂန်နှင့် ရိုင်စီတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း တူကီယဲသမ္မတရုံးက ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်နည်းလမ်းများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ နှစ်နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးများ တက်ရောက်သွားမည်ဖြစ်ကြောင်း အထက်ပါရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ထို့ပြင် ၎င်းနေ့၌ အီရန်နိုင်ငံအနေဖြင့် Astana format သတ္တမအကြိမ်မြောက် သုံးနိုင်ငံထိပ်သီးအစည်းအဝေးအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အာဒိုဂန်သည် ရုရှား သမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ အီရန်သမ္မတတို့နှင့်အတူ ၎င်းအစည်း အဝေးသို့ တက်ရောက်သွားမည်ဖြစ်ပါသည်။ ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပတ်သက် သည့် အဆိုပါဆွေးနွေးပွဲကို တူကီယဲ၊ ရုရှားနှင့် အီရန်နိုင်ငံတို့က ဦးဆောင်၍ ၂၀၁၇ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲသမ္မတ အာဒိုဂန်သည် ၎င်းအစည်း အဝေးအပြီးတွင် ရုရှားသမ္မတ ပူတင်နှင့် သီးခြားတွေ့ဆုံမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment