Thursday, July 7, 2022

မလေးရှားဝန်ကြီးချုပ်သည် တူကီယဲရှိ ကာကွယ်ရေးနှင့် အာကာသနည်းပညာဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်ခဲ့ခြင်း

 

Thesundaily; Jul-7(Thu)

              မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ (Ismail Sabri Yaakob) သည် တူကီယဲနိုင်ငံရှိ MKE ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီနှင့် တူကီယဲ လေကြောင်းအာကာသစက်မှုလုပ်ငန်း (Turkish Aerospace Industries-TAI) တို့သို့ ဇူလိုင်လ ၆ ရက်တွင် သွားရောက်ခဲ့ကြောင်း မလေးရှားဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါသည်။ ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့သည် တူကီယဲနိုင်ငံသို့ ၄ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်လျက်ရှိပြီး အဆိုပါခရီးစဉ်အတွင်း တူကီယဲနိုင်ငံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်ရည်ရွယ်၍ အထက်ပါ ကာကွယ်ရေးနှင့် အာကာသနည်းပညာဆိုင်ရာကုမ္ပဏီများကို သွားရောက်ခဲ့ခြင်းဖြစ်ပါ သည်။ ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့၏ အဆိုပါခရီးစဉ်အတွင်း မလေးရှား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ လေတပ်ဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်တို့လည်း လိုက်ပါခဲ့ကြပါသည်။

              ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့အနေဖြင့် MKE ကုမ္ပဏီတွင် တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) MKE အမှုဆောင်အရာရှိချုပ် ရက်ဆင်အာကီဒဲ (Yasin Akdere) တို့နှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့က တူကီယဲနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍတွင် တီထွင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြပါသည်။ အဆိုပါရှင်းလင်းပြောကြားမှုများအပြီးတွင် ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီယာကော့ ဦးဆောင်သော မလေးရှားကိုယ်စားလှယ်အဖွဲ့သည် TAI ကုမ္ပဏီ၌ တူကီယဲပြည်တွင်းထုတ် T129 ATAK အမျိုးအစား ရဟတ်ယာဉ်၊ မောင်းသူမဲ့လေယာဉ်၊ Hurkus အမျိုးအစား လေ့ကျင့်ရေးလေယာဉ်နှင့် Gokbey အမျိုးအစားရဟတ်ယာဉ် တို့ဖြင့် သရုပ်ပြပျံသန်းမှုများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။ ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီယာကော့သည် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဇူလိုင်လ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားရှိ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment