Friday, August 12, 2022

တရုတ်နိုင်ငံသည် လစ်သူရေးနီးယားပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး၏ ထိုင်ဝမ်ခရီးစဉ်အား ပြစ်တင်ရှုတ်ချခဲ့ခြင်း

Xinhua; Aug-12(Fri)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝမ်ဘင် (Wang Wenbin) သည် လစ်သူရေးနီးယားပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး အေနီဗာချီကက် ပချူတာ (Agne Vaiciukeviciute) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထိုင်ဝမ်သို့ ဩဂုတ်လ ၇ ရက်မှ ဩဂုတ်လ ၁၁ ရက်ထိ ၅ ရက်ကြာ လာရောက်ခဲ့မှုနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချမှုများပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဩဂုတ်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ပြတ်သားစွာ တုံ့ပြန်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝန်ဝမ်ဘင်က သတိပေးပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ် တစ်နိုင်ငံတည်း မူဝါဒသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများထဲမှ တစ်ခု ဖြစ်ပြီး လစ်သူရေးနီးယားနိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်ကြောင်း ဝန်ဝမ်ဘင်က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်းဆိုင်ရာ ကြေညာချက်တွင် လစ်သူရေးနီးယားအစိုးရအနေဖြင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း၊ ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေးမထူထောင်ရန် တာဝန်ရှိကြောင်း ဝန်ဝမ်ဘင်က ပြောကြားခဲ့ပါသည်။ ထို့ပြင် လစ်သူရေးနီးယားအစိုးရသည် ၎င်းတို့၏ သဘောတူညီချက်တွင်ပါရှိသည့် ကတိကဝတ်များကို လျစ်လျူရှုပြီးချိုးဖောက်လျက်ရှိခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့မှုကို ထိခိုက်စေကြောင်း၊ လစ်သူရေးနီးယားတာဝန်ရှိသူ များအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးနှင့် တရုတ်ဆန့်ကျင်ရေးတပ်ဖွဲ့များ၏ နယ်ရုပ်ကဲ့သို့ တာဝန်ထမ်းဆောင်ခြင်းမပြုလုပ်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

No comments:

Post a Comment