ABC News; Aug-11(Thu)
ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲအတွင်း၌ အရပ်သားများအား တိုက်ခိုက် ခဲ့ခြင်းကြောင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့ကူညီသည့် နိုင်ငံအဖြစ် လတ်ဗီးယား လွှတ်တော်ကကြေညာခဲ့ပြီး အခြားနိုင်ငံများကိုလည်း အလားတူ လုပ်ဆောင်ရန် တိုက်တွန်း ထားကြောင်း ABC New သတင်းဌာနက ဩဂုတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံသည် ယူကရိန်းပြည်သူများနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စိတ်ဓာတ် ကျဆင်းစေရန်အတွက်သော်လည်းကောင်း နိုင်ငံတော်၏လုပ်ငန်းဆောင်တာများကို အားနည်းစေရန်အတွက်သော်လည်းကောင်း ကြိုးပမ်းလျက်ရှိကြောင်းနှင့် ထိုကဲ့သို့ ကြိုးပမ်းရာတွင် ခြိမ်းခြောက်မှုများကို လက်နက်တစ်ခုအဖြစ် အသုံးပြုလျက်ရှိကြောင်း စွပ်စွဲထားသည့် ကြေငြာချက်တစ်စောင်ကို ဩဂုတ်လ ၁၁ ရက်တွင် လတ်ဗီးယား လွှတ်တော်အမတ်များက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် ရုရှားနိုင်ငံ သည် နိုင်ငံရေးရည်မှန်းချက်များအတွက် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူလျက်ရှိသည့်သောကြောင့် ၎င်းနိုင်ငံအား အကြမ်းဖက်ဝါဒကို ထောက်ပံ့ကူညီသည့် နိုင်ငံအဖြစ်သတ်မှတ်ကြောင်း ဖော်ပြထားပါသည်။
မတ်လတွင် မာရီယိုပိုးလ် (Mariupol) ရှိ ပြဇာတ်ရုံ၊ ဇွန်လတွင် ကရီမန်ချောက်ခ် (Kremenchuk) ရှိစျေးဝယ်စင်တာနှင့် ဇူလိုင်လတွင် အိုဒက်ဆာ(Odesa) မြို့၏ လူနေ ရပ်ကွက်တို့ကို တိုက်ခိုက်ခြင်းအပါအဝင် စစ်ပွဲအတွင်း၌ ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်း အရပ်သားများကို တမင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားနှင့် ဘီလာရုဇ်နိုင်ငံသား များအား ခရီးသွားဗီဇာထုတ်ပေးခြင်းကိုရပ်တန့်ရန်နှင့် ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ရန် လတ်ဗီးယားလွှတ်တော်အမတ်များက တောင်းဆိုခဲ့ပါသည်။ ယခုထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့်ပတ်သက်၍ လတ်ဗီးယားလွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ အမတ်အများစုက ထောက်ခံခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment